ကျိုက်မရော ၃၀ ဇူလိုင်
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ယနေ့ နံနက် ၉ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးရှေ့၌ ဖြန့်ဝေပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားသော မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည် ပါ မပါကို သွားရောက်ကြည့်ရှုစစ်ဆေးကြရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် အသိပညာပေးခြင်းများ ပါဝင်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသော ခရီးသွားပြည်သူများနှင့် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင် ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်အိသဲလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် ပြည်သူ့စျေး၊ မော်တော် ယာဉ်ဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)