ညောင်ဦး   ၁၆   အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်မှူး ဒေါ်ဇာဇာနွယ် ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့ ရွှေဂူ မိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်းသို့ သွားရောက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာငှားလုပ်ငန်း ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်မှူး ဒေါ်ဇာဇာနွယ်နှင့် ဝန်ထမ်းများအဖွဲ့က အဆိုပါ ရွှေဂူ မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကယား၊ ရှမ်း၊ ပအိုဝ်း ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၄၀) အား ကျောင်းစာအပြင် ပြင်ပဗဟုသုတ အသိပညာ တိုးပွားစေရေး ကလေးကြိုက် ကာတွန်းစာအုပ်စာပေများ၊ ဂျာနယ်မျိုးစုံတို့ကို အခမဲ့ ငှားရမ်းပြီး စာဖတ်ဝိုင်း ပြုလုပ်ပေးရာ ကျောင်းသားကျောင်းသူများက အားပါးတရ ဖတ်ရှုလေ့လာခဲ့ ကြောင်း သိရသည်။

 

နယ်လှည့်စာငှား လုပ်ငန်းကို ညောင်ဦးခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်မှူး ဒေါ်ဇာဇာနွယ်နှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရေးအတွက် တစ်ပတ်လျှင်(၁)ကြိမ် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 ရဲဝင်းနိုင်(ညောင်ဦး)