ရန်ကုန်  ၁၄    အောက်တိုဘာ 

 

မြန်မာ-ဂျပန်အသင်း(MJA)၏ ပညာရည်ထူးချွန်ဆု (ဂျပန်နိုင်ငံလေ့လာရေး ခရီးအစီအစဉ်-၂၀၁၈) အတွက် ပညာရည်ထူးချွန်ဆုအဖြစ် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ အနက်မှ ကျောင်းသား/ကျောင်းသူ (၁၂) ဦးနှင့် ရန်ကုန်/မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ဂျပန်ဘာသာ အဓိက၊ တတိယနှစ်မှ  ထူးချွန်ကျောင်းသူ(၆)ဦး စုစုပေါင်း (၁၈)ဦးအား ရွေးချယ်ခဲ့သည်။  

 

ရွေးချယ်ခြင်း ခံရသည့် ထူးချွန်ကျောင်းသား/ကျောင်းသူ (၁၈)ဦးအား ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖွဲ့စည်း လေ့ကျင့်မှု သင်တန်းကို မြန်မာ-ဂျပန်အသင်းမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ရန်ကုန်အင်တာနေရှင် နယ်ဟိုတယ်(YIH)တွင် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်အထိ ဆောင်ရွက်ပေးခဲ့သည်။

 

မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ထူးချွန်ဆု လက်မှတ် ချီးမြှင့်ဂုဏ်ပြုပွဲကို ရန်ကုန်မြို့ Hotel Novotel Yangon Max ၌ အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ရာ မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr Toru MAESA နှင့် သံအရာရှိများ၊ ဂျပန်မိတ်ဆွေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဖိတ်ကြားထားသူများ၊ ထူးချွန်ဆုရကျောင်းသား/ကျောင်းသူ များ၏ မိဘများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

 

မြန်မာ-ဂျပန်အသင်း၏ ဥက္ကဋ္ဌနှင့်ဦးစီးခေါင်းဆောင်သည့် ပညာရည်ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူ(၁၈)ဦးအပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၂၉)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ လေ့လာရေး အစီအစဉ်-၂၀၁၈ အတွက် အောက်တိုဘာလ ၁၂ ရက်၊ ညပိုင်းတွင် ANA လေကြောင်းခရီးစဉ်အမှတ် (MH-814) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ စတင်ထွက်ခွာသွားသည်။ ဂျပန်နိ်ုင်ငံ လေ့လာရေးခရီးစဉ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရှစ်ညအိပ် ကိုးရက်ခရီးစဉ်ဖြစ်ပြီး ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆင်းဒိုင်(Sendai)မြို့တွင် လေးည (Home Stay အပါအဝင်)၊ မြို့တော်တိုကျို (Tokyo) တွင် နှစ်ညနှင့် ဂျပန်နိုင်ငံအလယ်ပိုင်း အိုဆာကာ (Osaka) နှင့် တိုကိုရှီးမား (Tokushima)မြို့တို့တွင် တစ်ညစီနေထိုင်လေ့လာကြမည်ဖြစ်သည်။

 

ဂျပန်နိ်ုင်ငံ လေ့လာရေး အစီအစဉ်-၂၀၁၈ ၏ ခရီးစဉ်အသေးစိတ်ကို အခြားကျောင်းသား လူငယ်များ လေ့လာအတုယူနိုင်ရန်နှင့် မိဘပြည်သူများအား ထုတ်လွှင့်ပြသနိုင်ရန်အတွက် DVC/MNTV ရိုက်ကူးရေးအဖွဲ့ သည်လည်း ဂျပန်ခရီးစဉ်သို့ အတူလိုက်ပါသွားသည်။ မြန်မာ-ဂျပန်အသင်းကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် ANA လေယာဉ်ခရီးစဉ်အမှတ် MH-813 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)