ရန်ကုန် ၁၃ အောက်တိုဘာ
၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေး အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်သည့် လုပ်ငန်းများရှိ သကဲ့သို့ အခက်အခဲ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည့် လုပ်ငန်းများလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကျောင်းသားဦးရေ တိုးပွားလာခြင်းသာမက ကျောင်းထွက်နှုန်း သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆ မှ ၂၀၁၈ အထိ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ပြန်ကြည့်မည်ဆိုပါက သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုသည် ဆရာလမ်းညွှန် စာအုပ်များ၊ Grade-1, Grade-2 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်လမ်းညွှန်စာအုပ်များ ဖြစ်ပါကြောင်း၊ ယင်းကျောင်းသုံး ဖတ်စာအုပ်များ၊ KG+12 ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ကျောင်းသုံး ဖတ်စာအုပ်များကို မူလတန်းအတွက် JICA ၏ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပြီး Grade-1, Grade-2 ဖတ် စာအုပ်များသည် သင်ကြား သင်ယူမှု နည်းစနစ်အသစ်များဖြင့် ပြန်လည်ပြင်ဆင်ပြီး အကြောင်းအရာအသစ်များ ဖြည့်ဆည်း ဆောင်ရွက်ထားခြင်း၊ သင်တန်းပေးခြင်းတို့ ဖြစ်ပါကြောင်း၊ မူလတန်း ပြီးမြောက်မှုစာမေးပွဲနှင့် အလယ်တန်းပြီး မြောက်မှုစာမေးပွဲများကိုကြည့်ပါက နှစ်စဉ်ပြီးမြောက်မှုနှုန်းများလည်း တက်လာပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မူလတန်းပြီးမြောက်သည့်အခါ အလယ်တန်းတွင် ပိုမိုတက်ရောက်လာပြီး အလယ်တန်း ပြီးမြောက်သည့်အခါ အထက်တန်းတွင် ပိုပြီးများပြားလာသည့်အတွက် ယမန်နှစ်က အထက်တန်းတွင် Grade-10 နှင့် Grade-11 နှစ်တန်းပေါင်း ကျောင်းသား ကျောင်းသူဦးရေ ၁ သန်း ရှိပါကြောင်း၊ ယင်းသို့ တိုးတက်လာခြင်းသည် ဆရာ ဆရာမများ၏ အားထုတ်ကြိုးပမ်းမှုများပင် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအား လိုအပ်သည့် ကျွမ်းကျင်မှုများရရန် သင်တန်းများမှ စနစ်တကျ စစ်ဆေးအကဲဖြတ်နိုင်ရေး ပိုမိုပြုလုပ်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများမှ လက်စွဲစာအုပ်များ အလုပ်ရုံဆွေးနွေးပွဲအတွက် ပြင်ဆင်ထားသည့် စာအုပ်များမှ စာမေးပွဲများကို စနစ်တကျကျင်းပနိုင်သည့်အတွက် အဆင်ပြေသည်ကို တွေ့ရှိရပါကြောင်း၊ စာမေးပွဲစစ်ဆေးသည့်လုပ်ငန်းများကို ကြည့်ပါက လမ်းညွှန်စာအုပ်တွင်ပါသည့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် နည်းပညာများကို အသုံးပြုပြီး ဦးနှောက်မှတ် သားနိုင်စွမ်း အားကောင်းလာစေနိုင်ပြီး နားလည်မှုပိုမိုရှိလာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် နည်းပညာကို ပညာရေးတွင် အသုံးပြုပြီး ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသား ကျောင်းသူများအားလုံး လူသားကောင်းများဖြစ်စေရေး၊ တာဝန်ယူ တာဝန်ခံတတ်ပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်စေရေး၊ ဆန်းသစ်တီထွင်နိုင်ရေး စသည့်အချက်များနှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများဖြစ်ရန် ပြုစုပျိုးထောင်လျက်ရှိပါကြောင်း၊ ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရာတွင် သင်ယူတတ်မြောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် မည်မျှမှတ်သားနိုင်သည်၊ နားလည်နိုင်သည်၊ အသုံးချနိုင်သည်၊ သုံးသပ်ခွဲခြားနိုင်သည်၊ စိစစ်အကဲဖြတ်နိုင်သည်၊ တီထွင်ဖန်တီး နိုင်သည်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သဖြင့် ကိုယ်ပိုင်တွေးခေါ် သုံးသပ်မှုကိုလုပ်နိုင်ရန် လက်တွေ့ ကျကျ အနီးကပ်သင်ကြားသင်ယူလေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ သင်ယူ တတ်မြောက်မှု အရည်အသွေး ကောင်းမွန်စေရေး ဦးတည်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
အဆိုပါ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ မူလတန်းနှင့် အလယ်တန်းအတွက် သင်တန်းတက်ရောက်သူ (၅၄၆)ဦးနှင့် ကွန်ပျူတာသင်တန်းအတွက် သင်တန်းသား သင်တန်းသူ(၂၆၀) စုစုပေါင်း (၈၀၆)ဦး တက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၃ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)