နေပြည်တော် ၁၈ ဇန်နဝါရီ
ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီခွဲက ပင်လည်ဘူးမြို့နယ်၊ တမောသာကျေးရွာအနီး ပင်လည်ဘူး-ပြစ်ဆိုင်သွား ကားလမ်းတွင် သိန်းကျော်၊ သာဌေး(ခ)သာဌေးဝင်းနှင့် အောင်ကျော်မြင့်တို့ မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ် နှစ်စီးကို ရှာဖွေစစ်ဆေးရာ သိန်းကျော်ထံမှ ဘိန်းစိမ်း ၁၁ ဒသမ ၄၃၁ ကီလိုနှင့် သာဌေး(ခ)သာဌေးဝင်းထံမှ ဘိန်းစိမ်း ၁၂ ဒသမ ၅၇၄၁ ကီလို တို့ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ် တပ်ဖွဲ့(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား လမ်းနှင့် နန့်မကျိုင်းကျေးရွာ သွားလမ်းဆုံတွင် ကျိန်ကွမ်းချိန် မောင်းနှင်ပြီး ဇင်မင်းထွန်း လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ ၂၀၇ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊
ထို့အတူ နံနက် ၁၁ နာရီခွဲကလည်း မူးယစ်တပ်ဖွဲ့(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ မခေးချစ်၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ ချစ်သဲမောင်(ခ)နူရွလ္လာအားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၁၀၁၅ ပြားကိုလည်းကောင်း၊
အလားတူ မွန်းလွဲ ၁ နာရီက အမရပူရမြို့နယ်၊ နတ်ရေကန်ရပ်ကွက်တွင် မိုးကျော် မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,ဝ၄၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)