ရေစကြို ၃ သြဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ပုခန်းကြီးမြို့ဟောင်းအား အကြီးစားပြင်ဆင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် တိုင်းတာတွက်ချက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) က သိရသည်။

 

အဆိုပါဒေသတွင် သမိုင်းမတင်မီ ကျောက်ခေတ်ကာလမှ လူများနေထိုင်ခဲ့သော ကြေးရိုးကုန်း၊ ရွှေဥမင်တောင်ရိုး၊ ဝါကျကုန်း စသည့်နေရာများနှင့် သမိုင်းတင်ခေတ်ဖြစ်သော ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ထိ ဘုရားစေတီပုထိုး၊ အုတ်ကုန်း သာသနိကအဆောက်အအုံ ၃၃၀ ခန့် တည်ရှိသည်။

 

“ဌာနအနေနဲ့ အသေးစားပြင်ဆင်ထိန်းသိမ်းမှုတွေတော့ ရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မပြင်ဖြစ်တာ နှစ် ၂၀ လောက်တော့ ရှိပြီ။ ခုကတော့ အကြီးစားပြင်ဆင်မှုလုပ်ဖို့ စနစ်တကျ ထိန်းသိမ်းဖို့၊ တူးဖော်တာကအစ ပြန်လုပ်ပါမယ်။ သဲ၊ ခဲတွေ မြုပ်နေတဲ့အပိုင်းကို အစရှာပြီး သုတေသနလုပ်ရတော့မှာပေါ့။ ခုကတော့ မြေပြင်မှာတိုင်းထွာပြီး ခန့်မှန်းချေ ငွေစာရင်း တွက်တာလုပ်နေတယ်။ တွက်ချက်ပြီးရင် တိုင်းအစိုးကိုရော၊ ပြည်ထောင်စုအစိုးရကိုရော တင်ပြပါမယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) ဦးစီးအရာရှိ ဦးရဲလွင်က ပြောသည်။

 

ပုခန်းကြီးမြို့ဟောင်း၏ အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်မြို့ရိုးများပေါ်တွင် ပေါက်ရောက်နေသော သစ်ပင်ခြုံနွယ်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၆ ရက်မှ ဇူလိုင် ၂၅ ရက်အထိ (၅၃)ရက်ကြာ ရှင်းလင်းမှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းထံက သိရသည်။

 

“မြို့ဝင်ပေါက်တွေမှာ ဆွေးနေတဲ့အုတ်တွေရှိတယ်။ ဒါတွေကိုဖယ်ပြီး အစားထိုးတာ၊ အုတ်နီမှုန့်၊ သဲ၊ ထုံး၊ ဥသျှစ်စီးစပ်ပြီး အနားသတ်ချိုင့်တွေ၊ နှာဟနေတဲ့နေရာတွေကို အစာသိပ်တာ လုပ်ရမယ်။ ပွိုင့်တီထိုးတယ်လို့ ခေါ်တာပေါ့။ နောက်ပြီး အုတ်ရိုးပေါ်ကနေ ရေပိတ်လွှာလောင်းဖို့ ရှိတယ်။ လုပ်ငန်းမှာ တူးဖော်ရေးနဲ့ ထိန်းသိမ်းရေး နှစ်ဖွဲ့ခွဲရမယ်။ ရိုးရိုးမြေ ကျင်းတူးသလို တူးလို့မရဘူး။ တစ်ကယ်အရေးပါတဲ့ နေရာတွေဆို သံလျက်ကလေးနဲ့ ခြစ်ရတာမျိုး အသေးစိတ်လုပ်ရမှာ” ဟု ဦးစီးအရာရှိ ဦးရဲလွင်က ရှင်းပြသည်။

 

ယဉ်ကျေးမှုထွန်းကားရာဒေသဖြစ်၍ ပုခန်းကြီးမြို့ရိုးကို ခေတ်အဆက်ဆက် (၅)ကြိမ်တိုင် ပြုပြင်ခဲ့ပြီး ညောင်ရမ်းခေတ် မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်တွင် ခံတပ်မြို့အဖြစ်တည်ဆောက်ခဲ့ကြောင်း၊ ကုန်းဘောင်ခေတ်၌ ခရိုင်အဆင့်မြို့အဖြစ် ထားရှိခဲ့ပြီး မြို့ဝန်များ ခန့်ထားအုပ်ချုပ်စေခဲ့သည့် ပုခန်းကြီးဒေသအနီးရှိ ရွာများတွင် မြေ၊ ဝါး၊ ချည်တို့နှင့် ပြုလုပ်သည့် မြန်မာ့ရိုးရာ အတတ်ပညာများထွန်းကားကာ သနပ်ခါးအလွန်ပေါသည့် ဒေသလည်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

 

ဇေယျတု(မကွေး)