နေပြည်တော် ၁၈ ဇန်နဝါရီ
ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဗလဗအရေးပေါ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းရုံးသို့ ရောက်ရှိရာ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က ရေစကြိုမြို့နယ် ဗလဗကျေးရွာနှင့် ဓမ္မံရံသီစေတီ ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေး၊ တိုင်းဒေသကြီးရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ် စီမံကိန်းရန်ပုံငွေတို့ဖြင့် သောင်တူးဖော်ခြင်း၊ ရေလွှဲရေကာပြုလုပ်ခြင်းနှင့် ကမ်းပါး ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၁၆-၂၀၁၇ခုနှစ်နှင့် ၂၀၁၇-၂၀၁၈ခုနှစ်ဘဏ္ဍာနှစ်များတွင် ပခုက္ကူမြို့နယ် ကျွန်းညိုကြီး ကျေးရွာကမ်းပြိုကာကွယ်ရေးနှင့် ကမ်းပါးထိန်းသိမ်းထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် စလေမြို့မှ ရေယာဉ်ဖြင့် မကွေးတိုင်းဒေသကြီး ရေလမ်းနယ်မြေအတွင်း နှစ်အလိုက်ဆောင်ရွက်သည့် ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် စလေပခန်းငယ် ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း၊ စလေမြို့ရှိထင်မလွန်ကျေးရွာ ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ မင်းဘူး (စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း စီမံကိန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီး ဦးတင်နွယ်ဦးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က တိုင်းဒေသကြီးရေလမ်း နယ်မြေအတွင်းကမ်းပြိုကမ်းစားမှု အလွန်များပြီး တိုက်ရိုက်ကမ်းပြိုကာကွယ်ရေးသည် ကုန်ကျ စရိတ်အလွန်များ သည့်အတွက် ရေလမ်းဖွံ့ဖြိုးရေး(Master Plan) အား အခြေခံပြီး လိုအပ်သည့် ရေလမ်းကြောင်းအကျယ်အတိုင်းဖြစ်ရန် နှစ်စဉ်ရေလမ်းထိန်း၊ ရေကာများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းမှာကြား၍ နှစ်အလိုက် ဆောင်ရွက်ထားသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် သောင်တူးဖော်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)