မူဆယ် ၄ ဩဂုတ်  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီးမံချက်(Covid-19 Economic Relief Plan-CERP)အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်၊ တိရိစ္ဆာန်ကျန်းမာရေး ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာစေရန် ရွည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပညာပေးသင်တန်း(၆)မျိုးကို ဇူလိုင်(၇)ရက် မှစတင်ပြီး သင်တန်းသား စုစုပေါင်း ၆၀၀ ဖြင့် စက်တင်ဘာလ(၁၅)အထိ မူဆယ်မြို့တွင် ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်က “တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့နယ် ၁၁၈ မြို့နယ်တွေမှာ တိရိစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ ကျွဲ၊ နွားမွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ သိုးဆိတ်မွေးမြူရေးသင်တန်းနှင့် ကြက်မွေးမြူရေးသင်တန်း စုစုပေါင်း(၆)မျိုးကို သင်ကြားပို့ချနေပါတယ်၊ အဆိုပါ သင်တန်းတွေ သင်ကြားပို့ချရန်အတွက် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်(၇)မြို့နယ်ပါဝင်ပြီး အခု မူဆယ် မြို့မှာ ဖွင့်လှစ်ပို့ချနေတဲ့ မေထုန်မဲ့သားစပ်သင်တန်းကို သင်တန်းသားတွေအနေနဲ့ စာတွေ့ လက်တွေ့ သင်ကြားပို့ချမှုအပေါ်  စနစ်တစ်ကျ လိုက်နာမှတ်သားပြီး တိရိစ္ဆာန်မျိုးကောင်း၊ မျိုးသန့်တွေ ပေါ်ထွန်းလာရန်အတွက် ကြိုးစားဆောင်ရွက်စေလိုကြောင်း” ပြောကြားသည်။

 

ဆက်လက်ပြီး မူဆယ်ခရိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝက်အာဖရိက အပြင်းဖျားရောဂါအပါအဝင် နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို စနစ်တစ်ကျဆောင်ရွက်ကြရန် ဒုတိယညွှန်ကြားရေးမှူးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)