မန္တလေး ၄ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနစ်လတာကာလအတွင်း ဧရာဝတီလင်းပိုင် ခုနစ်ကောင် သေဆုံးမှုရှိသွားပြီဖြစ်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်းက ပြောသည်။

 

“သေဆုံးခဲ့တဲ့ ခုနစ်ကောင်မှာ နှစ်ကောင်ကတော့ အသက်ကြီးကောင်အနေနဲ့ သေဆုံးသွားတာလို့ ယူဆရပါတယ်၊ တစ်ကောင်ကတော့ အရိုးစုပဲဆိုတော့ ဘာကြောင့်သေတာလဲဆိုတာ မသိပါဘူး၊ ကျန်တဲ့လေးကောင်ကတော့ ရှော့တိုက်ငါးဖမ်းသူတွေကြောင့်လို့ ယူဆထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ၂၀၂၀ ပြည့်နှစ်အတွက် ဖေဖော်ဝါရီတွင် ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုအရ ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။

 

လင်းပိုင်စစ်တမ်းကောက်ယူမှုအရ ၂၀၁၈ ခုနှစ်တွင် ၇၆ ကောင်တွေ့ရှိခဲ့ပြီး ခြောက်ကောင် သေဆုံးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ၇၂ ကောင်တွေ့ရှိခဲ့ပြီး သုံးကောင် သေဆုံးခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၇၉ ကောင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ ခုနစ်ကောင် သေဆုံးသောကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

 

“ဧရာဝတီလင်းပိုင် ဘယ်နှစ်ကောင်ကျန်မလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်၊ သေဆုံးခဲ့တဲ့လင်းပိုင် ခုနစ်ကောင်မှာ တစ်လသားကောင် တစ်ကောင်ပါဝင်တဲ့အတွက် တိုးလာတဲ့အကောင်လဲရှိမယ်လို့ ယူဆရပါတယ်၊ ကျွန်တော်တို့ စစ်တမ်းကောက်ယူထားတာက ဖေဖော်ဝါရီလမှာဆိုတော့ ပေါက်တဲ့အကောင်/ သေတဲ့အကောင် အတိုး/အလျော့တွေနဲ့ဆိုတော့ အတိအကျပြောဖို့တော့ ခက်ပါတယ်၊ ရှော့တိုက်ငါးဖမ်းဆီးတာတွေ ပပျောက်ဖို့အတွက် စီမံချက်ချပြီး အကောင်အထည်ဖော်နေပါတယ်” ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်းက ပြောသည်။

 

“ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ၂၀၀၂ ခုနှစ်မှ စတင်ဆောင်ခဲ့ပြီး ဒီနေ့အထိသုတေသနပြု လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်၊ ၂၀၀၅ ခုနှစ်မှာ မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ ၁) ထူထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထီးချိုင့်- ကသာ- ရွှေကူ (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၂) အဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး သတ်မှတ်နိုင်ခဲ့ပါတယ်၊ သတ်မှတ်ဧရိယာ နှစ်ခုစလုံးမှာ သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး လစဉ်ပုံမှန် ကင်းလှည့်လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်၊ တစ်လနှစ်ခါပါ၊ ဒါ့အပြင် တစ်နှစ်နှစ်ခေါက် လှည့်လည်ဆောင်ရွက်တဲ့ လုပ်ငန်းတွေလည်းရှိပါတယ်၊ တစ်ခေါက်က လင်းပိုင်သုတေသပြု စစ်တမ်းကောက်ယူမှုနှင့် ကျန်တစ်ခေါက်က ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးရေးအတွက်ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ယခုနှစ် (၂၀၂၀ ပြည့်နှစ်) ဧရာဝတီလင်းပိုင် သုတေသနခရီးစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၏ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန၏ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)