ဝန်းသို ၆ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့အထွက်လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တုသစ်ထားရှိသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ရုပ်တုတပ်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက်မှစတင်ပြီး ရုပ်တုဖြစ်မြောက်ရေးကော်မတီအဖွဲ့နဲ့ ရုပ်တုပညာရှင် ဆရာစူးမြင့်သိန်းအဖွဲ့၊ ဒါကာ၊ ဒါကာမတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါပြီ၊ ရုပ်တုတပ်ဆင်တာတော့ ခန့်မှန်းကြာချိန် ၁၅ ရက်လောက် ကြာမယ်ထင်ပါတယ်၊ ဆက်လက်ပြီး ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ လွယ်လင့်တကူ ဝင်ရောက်လေ့လာဂုဏ်ပြုနိုင်ဖို့အတွက် ပန်းခြံ၊ ရေပန်း၊ ဗိမာန်များကိုပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယ က မိန့်ကြားသည်။
မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်တုအား ဝန်းသိုမြို့ မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံနေရာတွင် ၂၀၀၆ ခုနှစ်၊ ဇွန် ၁၆ ရက်က ဖွင့်လှစ်တည်ထားခဲ့ပြီး ယခု စစ်သူကြီးဝတ်စုံဖြင့် အမြင့် ၁၈ ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တုအသစ်ကို ခန့်မှန်းငွေကျပ် သိန်း ၃၅၀ ကျော်ကုန်ကျခံ၍ ဝန်းသို-ကျောက်တန်းမြို့အထွက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် ၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွပ်ရွပ်ချွန်ချွန် တွန်းလှန်တိုက်ခိုက်ခဲ့သည့်အတွက် ၎င်းအားဂုဏ်ပြုသောအားဖြင့် ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)