ဂျီနီဗာ ၈ ဩဂုတ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒမ်နွမ် ဂယ်ဘရီယက်စ်ဆုစ်က ကိုဗစ်-၁၉ ရောဂါ ပိုမိုပြန့်ပွားလာသည့် အခြေအနေကို ရင်ဆိုင်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အမေရိကန်အစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်စေလိုကြောင်း ဩဂုတ် ၆ ရက်က ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် နိုင်ငံအသီးသီးအနေဖြင့် အတူတကွညှိနှိုင်းဆောင်ရွက်ကာ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရမည့် အချိန်ဖြစ်ကြောင်း၊ အလွန်သေးမွှားပြီး မမြင်နိုင်လောက်သည့် ကိုဗစ်-၁၉ ရောဂါပိုးက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်ခန်းစာယူပြီး အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုကို တည်ဆောက် သွားရမည်ဖြစ်ကြောင်း တက်ဒရော့စ် က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ပြဿနာရှိသည်ဟု ယူဆပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့် မည်သည့်ပုံစံမျိုး သုံးသပ်မှုမျိုးကိုမဆို တံခါးဖွင့် လက်ခံထားကြောင်းနှင့် အမေရိကန် နိုင်ငံအနေဖြင့် နုတ်ထွက်ရန် မလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အမေရိကန် နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် တက်ကြွစွာပါဝင်နေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် အနီးကပ် ဆက်သွယ်မှုတည်ရှိနေသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် ပုံမှန်ဆက်ဆံရေး ဆက်လက်ဖြစ်ထွန်းရန် မျှော်လင့်ကြောင်း တက်ဒရော့စ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ခွဲထွက် ရေးအခြေအနေသို့ ရောက်ရှိနေခဲ့လျှင် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နိုင်မည် မဟုတ်ကြောင်း၊ လက်ရှိကမ္ဘာကြီးအနေဖြင့် ချစ်ခင်စည်းလုံးမှုရှိရန် လိုအပ်ပြီး နိုင်ငံကြီးများ အကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံကြီးများအနေဖြင့် ကမ္ဘာ့စည်းလုံးညီညွတ်မှုအတွက် တွန်းအားပေးဆောင်ရွက်သွားစေလို ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ အစိုးရသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ရန် ဇူလိုင် ၆ ရက်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို အကြောင်းကြားခဲ့သည်။
အမေရိကန် သမ္မတဒေါ်နယ် ထရမ့်သည် မေ ၂၉ ရက်တွင် အမေရိကန်၏ တောင်းဆိုချက်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ မလိုက်လျောနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အဆက်အဆံကို ဖြတ်တောက်ရပ်ဆိုင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထည့်သွင်းရမည့် အသင်းဝင်ကြေးအား လျစ်လျူ ရှုခဲ့သည့်အတွက် နိုင်ငံတကာ၏ ဝေဖန် မှုများကို ခံနေရသည်။
ဆင်ဟွာ