နေပြည်တော် ၁၀ ဩဂုတ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS/ SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း(ABSDF)၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစော တာဒိုမူး(KNU)၊ ဦးလှဌေး(ABSDF)၊ စောမြရာဇာလင်း(ALP)၊ ဒေါက်တာလျန်မှုန်း ဆာခေါင်း(CNF)၊ ဆလိုင်းထလာဟေး(CNF)၊ စောစိန်ဝင်း(DKBA)၊ ပဒိုစောအယ် ကလူစေး(KNU)၊ စောကျော်ညွန့်(KNLA-PC)၊ ကြာဆော်လမွန်(LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း(PNU) နှင့် ဒေါက်တာစိုင်းဦး (RCSS/SSA) တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက (၈)ကြိမ်မြောက် JICM အစည်းအဝေးမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် နှစ်ဖက်အလုပ်အဖွဲ့များသည် (၇)ကြိမ်တိုင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင်ထည့်သွင်းမည့် သဘောတူညီချက်များရရှိနိုင်ရန် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နှင့် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် နှစ်ဖက်ညှိနှိုင်း အစည်းအဝေး (၇)ကြိမ်အထိ ညှိနှိုင်းခဲ့ကြရာတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၄) ချက်ရရှိထားပြီး ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးမည့် ခေါင်းစဉ်ကြီး (၈)ခုကို သဘောတူထားပြီး အသေးစိတ်ခေါင်းစဉ်များကို ယနေ့အစည်းအဝေးတွင် ဆက်လက်ညှိနှိုင်းမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံ မူအနေဖြင့် အချက် (၂)ချက်ကို သဘောတူညီထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် နှစ်ဖက်အဆိုပြုချက်များကို ယနေ့အစည်းအဝေးတွင် အပြီးသတ်ညှိနှိုင်း ကြမည်ဖြစ်ပြီး ဩဂုတ် ၁၃ ရက်တွင် ကျင်းပမည့် (၉) ကြိမ်မြောက် JICM အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ပါကြောင်း။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များသည် တတိယအကြိမ် (၂၁)ရာစုပင်လုံညီလာခံပြီးနောက် (၂) နှစ်ကျော် ကာလအတွင်း အလွတ်သဘောနှင့် တရားဝင်တွေ့ဆုံမှုများစွာ ပြုလုပ်ခဲ့ကြပါကြောင်း၊ နှစ်ဦးနှစ်ဖက် ကျေကျေလည်လည် ဖြစ်စေရန် အချိန်ယူကာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ယခုကဲ့သို့ သဘောတူညီချက်များ ရယူနိုင်သည့် အခြေအနေ အခင်းအကျင်းမျိုးကို ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ယင်းအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်ရင်းစေတနာ အပြည့်အဝဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို NRPC ကိုယ်စားတန်ဖိုးထား ကျေးဇူးတင်ရှိပါကြောင်း။
ရေရှည်တည်တဲ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများကို အခြေခံပြီး NCA စာချုပ်ပါအချက်များကို အောင်မြင်သည်အထိ အတူတကွ အကောင်အထည်ဖော်သွားမည် ဆိုသည်ကို NCA စာချုပ် ချုပ်ဆိုစဉ်ကတည်းက သဘောတူ ညီခဲ့ကြပြီးဖြစ်ပါကြောင်း၊ ယနေ့မိမိတို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ ပြည့်နှစ်အလွန် လုပ်ငန်းစဉ်များနှင့် လမ်းညွှန်အခြေခံမူများ ရယူရန် ဆွေးနွေးနေသည်မှာ မိမိတို့အနေဖြင့် ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော်နေကြခြင်းပင် ဖြစ်ပါကြောင်း၊ NCA ကိုအခြေခံ၍ ရှေ့သို့လျှောက်လှမ်းရာတွင် အားလုံး သဘောတူချမှတ်သည့် လုပ်ငန်းစဉ်များရရှိရန် မိမိတို့အကြားတွင် အကျေအလည် ဆွေးနွေးညှိနှိုင်း နေကြခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ ကြိုးပမ်းမှုများသည် မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် မှတ်ကျောက်တင်နိုင်မည်ဖြစ်ပြီး သဘောတူ စာချုပ်ပါအချက်များသည် ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးခရီးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးသည် လာမည့်ညီလာခံအတွက် မိမိတို့အလုပ်အဖွဲ့များ၏ နောက်ဆုံးဆွေးနွေး ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ နောက်ရက်များတွင် JICM၊ UPDJC အစည်းအဝေးများပြုလုပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဆွေးနွေး ညှိနှိုင်းကြရာတွင် စိတ်ရှည်ကြရန်လိုပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အပြန်အလှန်နားလည်မှုများနှင့် အားလုံးလက်ခံနိုင်သည့် အခင်းအကျင်းမျိုး ပေါ်ထွက်လာရန်အတွက် ဦးတည်ဆွေးနွေးပေးကြရန် ပန်ကြားလိုပါကြောင်း၊ မိမိတို့ဆွေးနွေးဖက်များအကြား တူညီသည့် သဘောထားများကို ရှာဖွေကာ ယနေ့အစည်းအဝေးတွင် အရေးကြီးသည့် သဘောတူညီချက်များ ရယူ၍ နှစ်ဖက်နားလည်မှု ရှိရှိ၊ ယုံကြည်မှုရှိရှိနှင့် ဆွေးနွေးပေးကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးကို ဦးတည်ကြိုးပမ်းကြရန်အတွက် ယနေ့ဆွေးနွေးမှုများမှတစ်ဆင့် JICM တွင်တင်ပြမည့် သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂ဝ ပြည့်နှစ် နှင့် ၂၀၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်ဆောင်မှုများ၊ ဖက်ဒရယ်အခြေခံ မူများပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေး၊ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် EAO များ ပိုမိုပါဝင်လာရေး စသည့်အကြောင်းအရာများကို ဆုံးဖြတ်ချမှတ် အတည်ပြုပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
ယင်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်ခေါင်းဆောင်များက မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များအား တာဝန်ပေးခဲ့ပါကြောင်း၊ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက ၂၀၂ဝ ပြည့်နှစ် နှစ်ဦးပိုင်းမှစ၍ ညှိနှိုင်းအစည်းအဝေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့ပါကြောင်း၊ ပြီးခဲ့သည့် သြဂုတ် ၄၊ ၅ ရက် ညှိနှိုင်းအစည်းအဝေးအထိ မျှတသည့် ရလဒ်ကောင်းများ ရရှိခဲ့ပါကြောင်း။
ယခု JICM အကြို ညှိနှိုင်းစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက ညှိနှိုင်းရန်ကျန်ရှိသည့် အကြောင်းအရာများကို ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်သလို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် (၉)ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် များစွာအရေးပါသကဲ့သို့ ပြည်ထောင်စုသား ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း အရေးကြီးသည့် အစည်းအဝေးဖြစ်သည့်အတွက် JICM အစည်းအဝေးကျင်းပနိုင်ရေး ကောင်းမွန်သည့် ပြင်ဆင်မှုများ၊ အစီအစဉ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယနေ့အစည်းအဝေးတွင် (၉) ကြိမ်မြောက် JICM အစည်းအဝေးသို့ တင်ပြမည့် နှစ်ဖက်အဆိုပြုချက်များ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူသဘောတူညီချက်များ ဆွေးနွေးညှိနှိုင်းခြင်းကိစ္စရပ်များ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအကို ဩဂုတ် ၁၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်