၂၆ စက်တင်ဘာ

 

 

မိုးရာသီ ရုံးပိတ်၊ အလုပ်ပိတ် အားလပ်ရက်များတွင် ရန်ကုန် လူထုအတွက် အပန်းဖြေ အနားယူစရာ နေရာက ရှားပါးလှသည်။ တစ်ပတ်တာကာလလုံး မိုးထဲရေထဲ သွားလာရင်း ဘဝကို ရုန်းကန်နေရသူများအတွက် ရုံးပိတ်ရက်တွင် အပန်းဖြေ အနားယူချင်ကြသည်။ မိသားစု လည်ချင်ပတ်ချင်ကြသည်။ အင်းလျားကန်၊ ကန်တော်ကြီး၊ ကမ်းနားလမ်းညဈေး၊ လှည်းတန်းလမ်းဆုံ အစရှိသော နေရာများကို သွားရောက်ရန် စဉ်းစားမိလိုက်တိုင်း မိုးရွာလေမလားဟူသော အတွေးက အပန်းဖြေ အနားယူချင် သူတို့၏ စိတ်ကူးကို လွင့်ပြယ်စေသည်။ ထို့ကြောင့်ပင် အိမ်မကပ် လိုသူတို့က မိုးလုံလေလုံ ရုပ်ရှင်ရုံများဆီသို့။

 

 

ရန်ကုန် လူထုသည် ရုပ်ရှင်ကို ကြိုက်နှစ်သက်လှသည်။ ဇာတ်ကားအသစ်တင်လျှင် တင်သည့်နေ့ကြည့်လိုက်ရမှ စိတ်ချမ်းမြေ့သည်။ ဇာတ်လမ်း ဇာတ်ကွက်ထက် သရုပ်ဆောင် မင်းသား၊ မင်းသမီးကို ဦးစားပေး ရွေးချယ်ကြည့်ကြလေ့ရှိသည်။ လက်မှတ်အရောင်းကောင်တာများတွင် နိုင်ငံခြား ဇာတ်ကားအတွက် ရောင်းချသည့်လက်မှတ်ထက် မြန်မာဇာတ်ကား လက်မှတ်များက အရင်ကုန်လေ့ ရှိသည်။ ပြောင်းလဲလာသော ရုပ်ရှင်ရုံ ပုံစံများက ရုပ်ရှင်ကြည့် ပရိသတ်ကို သက်သောင့် သက်သာရှိစေသည်။ အရုပ်ပိုင်းစနစ် အသံပိုင်းစနစ် အအေး ပိုင်းစနစ်နှင့် သန့်ရှင်းမှုပိုင်းကအစ ယခင်ကထက် ပိုမိုကောင်း မွန်လာမှုက ပုဂ္ဂလိက လုပ်ငန်းများ၏ အားသာမှု အစိတ်အပိုင်းများအဖြစ် တွေ့မြင်လာရသည်။ 

 

မြို့တော်ရန်ကုန်ရှိ ရုပ်ရှင်ရုံ အရေအတွက်က လက်ချိုးရေ၍ ရသည့်အနေအထားပင် ရှိနေသေးသည်။ လာရောက်ကြည့်ရှုသည့် ပရိသတ်အတွက် ခုံအလုံအလောက် ရောင်းချနိုင်မှုက မရှိသေးချေ။ ရန်ကုန်မြို့လယ်ကောင်ရှိ ရုပ်ရှင်ရုံကြီး တစ်ရုံ နှစ်ရုံမှလွဲလျှင် ကျန်ရုံများသည် ကုန်တိုက်ကြီးများ၊ ရှော့ပင်းမောများတွင် ထည့်သွင်းတည်ဆောက်ထားသည့် ရုံများသာဖြစ်သည်။ 

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ၂ဝ၁၆ ခုနှစ် မတ်လအထိ ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံ ရှစ်ရုံအထိရှိ၍ အစိုးရသစ် လက်ထက်ကာလ ဖြစ်သော ၂ဝ၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၂၉ ရုံအထိ ရှိလာခဲ့ရာ ရုပ်ရှင်ရုံ ၂၁ ရုံ တိုးတက်လာခဲ့သည်။ 

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံ ၁၄ ရုံရှိပြီး မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီး) မှ နှစ်ရှည်ငှားရမ်းထားသော ရုပ်ရှင်ရုံ ၁၃ ရုံအနက် ၁ဝ ရုံကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲပြီးစီး၍ ၅ နှစ် စာချုပ် ချုပ်ဆို ပြသလျက် ရှိသည်။ ကျန်ရုပ်ရှင်ရုံ သုံးရုံတွင် မြောက်ဥက္ကလာပ မြို့နယ်ရှိ မင်းရန်အောင်ရုပ်ရှင်ရုံသည် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲနိုင်ရန် မူလနှစ်ရှည်ငှားရမ်းထားသူထံမှ ဌာနသို့ ပြန်လည်အပ်နှံစေရေး ဆောင်ရွက်လျက်ရှိသည်။ ရွှေပြည်သာ မြို့နယ်ရှိ ရွှေပြည်သာ ရုပ်ရှင်ရုံမှာ ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲပြီးစီး၍ ၅ နှစ် တစ်ဆက်တစ်စပ်တည်း စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ကျန်ရှိသည့် သန်လျင်မြို့ရှိ မြဟံသာ ရုပ်ရှင်ရုံသည် ငှားရမ်းစာချုပ်ပါ စည်းကမ်း ဖောက်ဖျက်မှုဖြင့် နှစ်ရှည် ငှားရမ်းခြင်းမှ ရပ်စဲပြီး ဌာနသို့ ပြန်လည်အပ်နှံ စေရေးအတွက် ဆောင်ရွက်လျက် ရှိသည်။ ကျောက်တံတား မြို့နယ်ရှိ ဝဇီရာ (၁) ရုပ်ရှင်ရုံကို အနုပညာ အမွေအနှစ်ပြတိုက်အဖြစ် ပြုပြင် ပြောင်းလဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ 

 

ယင်းသို့ ဖော်ပြထားချက်များအရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရုပ်ရှင်ရုံအရေအတွက်က နည်းနေသည်မှာ အမှန်ပင် ဖြစ်သည်။  ထို့ကြောင့်ပင် ရုပ်ရှင်ရုံပိုင်ရှင်တို့က မိမိတို့စိတ်ကြိုက် ဝင်ငွေကောင်းမည့်ဇာတ်ကားများကိုသာ ရုံတွင် တင်လိုကြသည်။ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူတို့က မိမိတို့ဇာတ်ကား ရုံတင်ပြသ နိုင်ရေးအတွက် ရတတ်မအေး ဖြစ်နေရပြီး ရိုက်ကူး ပြီးစီးထားသော ဇာတ်ကားများတွင် သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထား သည့်အတွက် အရင်းအနှီးငွေ ပြန်ရလိုကြသည်။ ရုံတင်ပြသရန် စောင့်ဆိုင်းနေသော ဇာတ်ကားများစွာ ရှိသည်ဟုလည်း သိရသည်။ 

 

ရန်ကုန်သူ ရန်ကုန်သားတို့မှာ အသစ်အသစ် ဖန်တီးလာမည့် အနုပညာ လက်ရာမြောက်စွာ တင်ဆက်ထားသည့် ဇာတ်လမ်းများကို မျှော်လင့်နေကြသည်။ ဇာတ်လမ်းကောင်းမှု၊ သရုပ်ဆောင် အင်အားကောင်းမှု၊ ရိုက်ချက်စိတ်ကူး ဆန်းသစ်သော ဇာတ်ကားများ ရုံတင်နိုင်ပါက ကြိတ်ကြိတ်တိုး ကြည့်ရှု အားပေးကြသည့် ဇာတ်ကားများရှိသော်လည်း တချို့သော ဇာတ်ကားများမှာ ရိုက်ကူးပြီး တစ်နှစ် နှစ်နှစ်ကြာမှ ရုံတင်ပြသ ခွင့်ရခြင်းကြောင့် ပြောင်းလဲမှု မြန်ဆန်သော ယနေ့ ကာလတွင် လက်ရှိ အခြေအနေကို မထင်ဟပ်နိုင်သည့် ဇာတ်လမ်း ဇာတ်ကွက် တချို့မှာ ကြည့်ရှုသူကို စိတ်ကျေနပ်မှု မရခြင်းမျိုး ဖြစ်ရသည်။ ရန်ကုန်သူ ရန်ကုန်သားတို့ အနေဖြင့် အလုပ်တွင် စိတ်ပင်ပန်းထားသမျှကို ရုပ်ရှင်တွင် စိတ်နှစ်ကာ အပန်းဖြေလိုကြသည်။ ထို့ကြောင့် ခေတ်ရေစီးကို ထင်ဟပ်ပြသနိုင်သော ဇာတ်ကားများ ကြည့်ရှုလိုသော်လည်း ရုပ်ရှင်ရုံ များများ ရှိပါမှ ရိုက်ကူးပြီး ဇာတ်ကားများ အချိန်နှင့် တစ်ပြေးညီ ရုံတင်ပြသနိုင်မည်ဖြစ်ရာ လိုအပ်နေသည်မှာ ရုပ်ရှင် လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် ရုပ်ရှင်ရုံပိုင်ရှင်များ ပေါ်ထွက်လာရေးပင် ဖြစ်သည်။ 

 

ထို့ကြောင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းလည်း တိုးတက်၊ ရုပ်ရှင် လောကသားများလည်း အဆင်ပြေ၊ ရုပ်ရှင်ချစ်သူများလည်း အားပါးတရ ကြည့်ရှုနိုင်မည့် ဇာတ်ကားကောင်းများ ရိုက်ကူး နိုင်ရေး ရုပ်ရှင်လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့်သူများ ပေါ်ထွက်လာပါစေကြောင်း။ ။

 

ထင်ပေါ်ဝင်း