မန္တလေး ၂၈ စင်တင်ဘာ
အဆိုတော် ဇော်ဝင်းထွဋ်၏ ရော့ခ်တစ္ဆေတေးဆီးရီး နှစ်(၃ဝ)ပြည့် အထိမ်းအမှတ်အနေဖြင့် Ghost Of Rock N Roll Show ပွဲကို အောက်တိုဘာလ ၂၃ ရက်တွင် မန္တလေးမြို့ ၊ လမ်း(၃၀ ) /၅၂-၅၃ လမ်းကြားရှိ မဟာစားသောက်ဆိုင်တွင် ည ၇ နာရီ မှ ည (၁၁) နာရီအထိ ကျင်းပမည်ဟု သိရသည် ။
"ကျွန်တော်က ကိုညီထွဋ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တာမို့ သူ့ရဲ့ပွဲတွေကို လုပ်နိုင်သမျှ လုပ်နေအုံးမှာ ဖြစ်ပါတယ်။ ကျွန်တော် အဲ့လိုပွဲမျိုးလုပ်ချင်ခဲ့တာ ကြာပါပြီ။ အခုလို နှစ်(၃၀)ပြည့် လုပ်မယ်ဆိုတာကို စောင့်မျှော်နေခဲ့တာ ကြာပါပြီဗျာ။ အမှန်အတိုင်းပြောရရင် ၂၀၁၉ မှ နှစ်(၃၀)ပြည့်မှာ သူ့ရဲ့ ဂီတသက်တမ်းကလေ ကျွန်တော်က မစောင့်နိုင်တော့လို့ လုပ်ဖြစ်တာပါ။ နောက်ထပ်တစ်ခုက ရော့ခ်တစ္ဆေ ပွဲလုပ်တယ်ဆိုတာ အခုဆို EDM Music ပွဲတွေကမနည်းဘူးလေ။ အဲ့တော့ ရော့ခ် တွေပျောက်သွားမှာ စိုးရိမ်လို့ပါ " ဟု ပွဲဖြစ်မြောက်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပွဲတွင် တေးသီချင်း အပုဒ်ရေ (၇၀)ခန့် ဖျော်ဖြေသွားမည်ဖြစ်ပြီး လက်မှတ်များကို တစ်စောင်လျှင် ၁၀ဝ၀ဝ ကျပ် ၊ ၃၉၀ဝ ကျပ်တို့ဖြင့် မန္တလေးမြို့ မန်သီရိတေးသံသွင်း ၊ လှိုင်းတေးသံသွင်း ၊The King Shop ၊ 501 Fashion တို့တွင် အောက်တိုဘာလ ၁ ရက်မှ စတင်ပြီး ဝယ်ယူနိုင်ကြောင်း ယင်းပွဲတွင် အဆိုတော် ရင်ဂို နှင့်အတူ အခြားအဆိုတော်များလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း