ပခုက္ကူ ၁၂ ဩဂုတ်
ဧရာဝတီတံတား(ပခုက္ကူ)ဝန်းအတွင်း ဖြတ်ဖောက်ထားသည့် မြေသားရေနုတ်မြောင်း ပိတ်ဆို့မှုကြောင့် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဘုမ္မကွက်သစ် လူနေအိမ်ခြေ(၇၀)ကျော်ခန့် ရေဘေးဒဏ်ခံစားနေကြကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဘုမ္မကွက်သစ်တွင် လူနေအိမ်ခြေ(၉၀)ခန့် နေထိုင်ကြပြီး ဧရာဝတီမြစ်ရေကြီးကာ ကွက်သစ် အတွင်းမြစ်ရေဝင်ရောက်ခြင်း၊ ဝင်ရောက်သောရေများ မြစ်ထဲသို့ ပြန်လည်စီးဆင်းနိုင်ရန် ဖောက်လုပ်ထားသည့် ရေနုတ်မြောင်းပိတ်ဆို့မှုတို့ကြောင့် လူနေအိမ်ခြေ(၇၆)လုံးခန့် ရေဘေးဒဏ် ခံစားနေကြခြင်းဖြစ်သည်။ ထိုရေနုတ်မြောင်းအတွင်း ရေထွက်နှုန်းကောင်းမွန်စေရေးအတွက် ဘုမ္မကွက်သစ်နေ ပြည်သူများက မြောင်းပိတ်ဆို့နေသည့် အမှိုက်များ၊ သစ်ကိုင်းများနှင့် ဆူးပင်များအား နေ့စဉ်ဝိုင်းဝန်း ခုတ်ထွင်ရှင်းလင်းနေကြကြောင်း သိရသည်။
“ကျွန်တော်တို့က အရင်တုန်းက ကုန်းပေါ်မှာနေကြတာပါ။ ဧရာဝတီတံတား(ပခုက္ကူ) ဆောက်လုပ်မယ်လုပ်တော့ ကျွန်တော်နေခဲ့တဲ့ မြေနေရာတွေက မလွတ်လို့ အခုဒီရပ်ကွက်ကို အစိုးရက သတ်မှတ်ပြီး တရားဝင် ပြောင်းရွှေ့နေထိုင်ခိုင်းကြတာပါ။ ဒီမှာပြောင်းရွှေ့နေထိုင်ပြီးနောက်မှာတော့ နှစ်တိုင်း မိုးတွင်းကာလဆိုရင် ရေဘေးပုံမှန်ခံစားနေရပါတယ်၊ အဲ့လိုရေဝင် ရောက်လာတာကြောင့် ဒီမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ နေထိုင်ရေး၊ စားရေးသောက်ရေးနှင့်အခြား အလုပ်အကိုင်များ အတွက် များစွာအခက်အခဲကြုံနေကြရပါတယ်၊ ဝင်ရောက်လာတဲ့ရေက ရေဆိုး၊ ရေပုပ်ဆိုတော့ ပိုဆိုးတာပေါ့၊ အဲ့လိုခံစားနေရ တာ ၂၀၁၀ခုနှစ်ကတည်းကပါ၊ အဲ့ဒါ့ကြောင့်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကိုလည်း နှစ်စဉ်လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း ပုံမှန်အကြောင်းကြားကြပါတယ်၊ ဒါပေမယ့် ဘယ်ဌာနကမှ မလုပ်ပေးတာ့ကျ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ပါဘူး၊ တစ်ခုရှိတာက ဧရာဝတီတံတား(ပခုက္ကူ)ဝန်းအတွင်း ဖြတ်ဖောက်ထားတဲ့ မြေသားရေနုတ်မြောင်းဟာ ကောင်းမွန်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ ဝင်လာတဲ့ရေတွေ ပြန်ထုတ်လို့ရပါတယ်၊ ရေနုတ်မြောင်းကလည်း ပိတ်ဆို့နေတာကြောင့် ရေက မထွက်နိုင်ဘူးဖြစ်နေတာ၊ ကျွန်တော်အနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေကနေ အဲ့ဒီရေမြောင်းကို မြေသားအစား၊ ကွန်ကရစ် (သို့မဟုတ်) အုတ်နဲ့ဖြစ်ဖြစ် ရေနုတ်မြောင်းကို စနစ်တကျရေထွက်နှုန်းကောင်းအောင် လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်၊ ဩဂုတ်လ ၉ရက်နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေးက တာဝန်ရှိသူတွေ၊ စည်ပင်ကတာဝန်ရှိသူတွေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လာရောက်ကြည့်ရှုပြီး စက်ယန္တယားတွေနဲ့ ရေနုတ်မြောင်းကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဆွေးနွေးကြပါတယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ဘာမှလာလုပ်တာ မတွေ့သေးပါဘူးဗျာ” ဟု ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဘုမ္မကွက်သစ်နေ ဦးမောင်းမှူး က ပြောပြသည်။
ဧရာဝတီတံတား(ပခုက္ကူ)ဝန်းအတွင်း ဖြတ်ဖောက်ထားသည့် မြေသားရေနုတ်မြောင်းဘေးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တံတားတာဝန်ခံ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိပြီး ရေနုတ်မြောင်း ပြုပြင်ရေး၊ အမှိုက်ရှင်းလင်းရေးများ အတွက် ယင်းဝန် ထမ်းအိမ်ရာရှိ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရကြောင်း၊ ယခုဘုမ္မကွက်သစ်တွင် ရေဝင်ရောက်သည့် ဧရိယာမှာ သုံးဧကရှိကြောင်း ဒေသခံတစ်ဦးမှ ဆက်လက်ပြောပြသည်။
ကိုကီး