mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို အံ့သြတုန်လှုပ်စေခဲ့ပြီး လူပေါင်း ၁၇၁ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ဒဏ်ရာရရှိသူအရေအတွက်ကတော့ ထောင်နဲ့ချီပြီးရှိခဲ့ ပါတယ်။ အဲဒီဖြစ်ရပ်အပြီး သိပ်မကြာခင်ဩဂုတ် ၁၀ ရက်မှာပဲ လက်ဘနွန်အစိုးရတစ်ဖွဲ့လုံးဟာ နုတ်ထွက်သွားခဲ့ပါတယ်။

 

ပြည်သူတွေရဲ့ ဒေါသ

 

လုံခြုံစိတ်ချရမှုလုံးဝမရှိတဲ့ ဂိုဒေါင်မှာ ပေါက်ကွဲ စေတတ်တဲ့ပစ္စည်းတွေထားရှိခဲ့လို့ပေါက်ကွဲမှုဖြစ်ရတာလို့ ဆိုပါတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားအပေါ်ပြည်သူတွေ က ဒေါသထွက်မှု တစ်စတစ်စကြီးထွားလာခဲ့ပြီးနောက် အခုလိုဖြစ်ရပ်ကို ဦးတည်သွားခဲ့ပါတယ်။ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကတော့ တိုင်းပြည်အတွင်း အကျင့်ပျက်ခြစားမှုတွေနဲ့ အာဏာကိုဆုပ်ကိုင်ထားတဲ့ နိုင်ငံရေးစနစ်ကို နှစ်ပေါင်းများစွာကြာအောင် ဆန့်ကျင် ခဲ့ကြပါတယ်။

 

ယာယီအစိုးရအဖြစ် ဆက်လက်လုပ်ဆောင်

 

အခုလိုလူပေါင်းရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ပေါက်ကွဲ မှုဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအမှားကြောင့်လို့ ဒေသခံတွေက ယူဆကြပြီး အခုလိုရာထူးကနေ နုတ်ထွက်သွားရုံနဲ့ စစ်မှန်တဲ့ပြောင်းလဲမှု တစ်ခုလုပ်ဆောင်ဖို့ လုံလောက်တဲ့ လှုပ်ရှားမှုမဟုတ်သေးဘူးလို့ ယူဆကြပါတယ်။ အခုအချိန်အထိတော့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ လုပ်ဆောင်ရဆဲကာလဖြစ်တာကြောင့် အစိုးရဟာ ယာယီအစိုးရအဖြစ် ခံယူထားပါတယ်။ ပေါက်ကွဲမှုကြောင့် တိုင်းပြည်ရဲ့ အဓိက ဆိပ်ကမ်းကြီး ပျက်စီးသွားရသလို လူတွေရာနဲ့ ထောင်နဲ့ချီပြီး နေရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

 

ရွေးကောက်ပွဲအသစ် မမျှော်လင့်နိုင်

 

အဲဒီနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲ။ အစိုးရအဖွဲ့သစ်ဆိုတာ ရွေးကောက်ပွဲအသစ်လို့ အဓိပ္ပာယ် ကောက်ယူ လို့မရပါဘူး။ ဝန်ကြီးချုပ်ဟတ်ဆန်ဒီယဟူဘ် ကဩဂုတ် ၁၀ ရက်မှာ အစိုးရတစ်ဖွဲ့လုံးနုတ်ထွက်သွား ပြီလို့ကြေညာခဲ့ပေမယ့် အစိုးရအဖွဲ့သစ်မခန့်အပ်ရသေး ခင်အချိန်ထိတော့ အခုအစိုးရအဖွဲ့ဟာ ယာယီအစိုးရအဖွဲ့ အဖြစ်နဲ့ ဆက်လက်တာဝန်ယူသွားမယ်လို့ ၎င်းက ကြေညာခဲ့ပါတယ်။ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ စီးပွား ရေးပဋိပက္ခနဲ့အကျင့်ပျက်ခြစားမှုတို့ဟာ လက်ရှိအစိုးရ အဖွဲ့ကြောင့်သာဖြစ်တယ်ဆိုပြီး အပြစ်တွေပုံချဖို့ လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးအလွှာကနေ ကြိုးပမ်းနေ တယ်လို့ ဝန်ကြီးချုပ် ဟတ်ဆန်ဒီယော့ခ် က ရာထူးကနေ နုတ်ထွက်တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွား ပါတယ်။

 

နေရာတိုင်းမှာစိမ့်ဝင်

 

အကျင့်ပျက်ခြစားမှုဟာ တိုင်းပြည်ရဲ့ နေရာတိုင်းမှာ စိမ့်ဝင်နေတဲ့အရာလို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါ တယ်။ အခုအချိန်အထိတော့ အစိုးရအဖွဲ့ဟောင်းဟာ အစည်းအဝေးတွေ ဆက်လက်လုပ်ဆောင်ခွင့်ရှိပေမယ့် ဥပဒေတွေအဆိုပြုဖို့နဲ့ အမိန့်ချဖို့တော့ အာဏာမရှိတော့ ပါဘူး။ လက်ဘနွန်နိုင်ငံရဲ့ လက်ရှိစနစ်အရ အစိုးရအဖွဲ့ သစ်ကို သမ္မတမီရှဲဝင်နဲ့ ပါလီမန်တို့ တိုင်ပင်ပြီး ခန့်အပ်ပိုင်ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲအသစ် ခေါ်စရာ မလိုပါဘူး။ အခုအချိန်အထိတော့သမ္မတဟာ နှုတ်ဆိတ် နေတုန်းပါပဲ။ အစိုးရအဖွဲ့ နုတ်ထွက်တာကိုပဲ လက်ခံထား ပါတယ်။

 

ကုန်ဈေးနှုန်းကြီးမြင့်

 

ကန့်ကွက်ဆန္ဒပြသူတွေရဲ့ ဖိအားကြောင့် အစိုးရအဖွဲ့ သစ်ဖွဲ့ဖို့ တွန်းအားဖြစ်လာပေမယ့် ပြောင်းလဲမှုတွေဖြစ် လာဖို့ မျှော်လင့်လို့မရသေးဘူးလို့ ဗြိတိန်အပြည်ပြည်ဆိုင်ရာ မူဝါဒအင်စတီကျူမှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာစီမံကိန်းအကြီးအကဲ လီနာခါတိဗ်က ပြောပါတယ်။ ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက လက်ဘနွန်နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ လည်း ကြီးမြင့်နေပါတယ်။

 

မျက်စိတစ်မှိတ်အတွင်းဆုံးရှုံး

 

ရေရှည်တည်ဆောက်ရမယ့် ဘေရွတ်မြို့ပြန်လည် ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ကိုဘယ်သူက ဦးဆောင်တာဝန်ယူမယ်ဆိုတာလည်း မသဲကွဲသေးပါဘူး။ ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကနေ ၁၅ ဘီလီယံကြားမှာရှိပြီး ပြန်လည်တည်ဆောက် ရေးလုပ်ငန်းတွေကို နှစ်နဲ့ချီပြီးလုပ်ဆောင်ရမယ်လို့ လက်ဘနွန်အစိုးရက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့ရဲ့ ထက်ဝက်နီးပါးခန့်ဟာ ပျက်စီးခဲ့ပြီလို့ လက်ဘနွန်နိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ ဒုတိယအကြီးအကဲဖြစ်သူ ဘတ်စ်မာတာ ဘာဂျာက ပြောပါတယ်။ လူပေါင်း ၃၀၀၀၀၀ ခန့်ဟာ သူတို့ရဲ့နေအိမ်တွေ ပိုင်ဆိုင်မှုတွေမျက်စိတစ်မှိတ်အတွင်း မှာ ပျက်စီးသွားတာနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

စိုးရိမ်နေကြ

 

အခုအချိန်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေအတွက်လည်း ထောက်ပံ့မှုကြီးကြီးမားမားရယူဖို့ လိုအပ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာအလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေကနေဒေါ်လာသန်းနဲ့ချီတဲ့ အကူအညီတွေပေးမယ်လို့ ကတိပြုခဲ့ကြပေမယ့် အကျင့်ပျက်ခြစားမှုတွေနဲ့ နည်းစနစ်တွေ မကောင်းမွန်မှုကြောင့် အကူအညီ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေတဲ့အခါ အနှောင့်အယှက်အဟန့်အတားတွေ ဖြစ်လာမှာကို စိုးရိမ်နေကြ ပါတယ်။ စေတနာ့ ဝန်ထမ်းတွေဟာ လမ်းမထက်က အပျက်အစီးတွေ ရှင်းလင်းရေးလုပ်ငန်းတွေမှာ ဦးဆောင် လုပ်ကိုင်နေကြပါ တယ်။ အခုအချိန်အထိ အာဏာပိုင်တွေ ဆီက ထောက်ပံ့ပေးမှုအနည်းငယ်သာရသေးတယ်လို့ ပြောကြပါတယ်။

 

ထောက်ပံ့ကြေး အနည်းငယ်သာရ

 

မိသားစုဝင်တွေဆုံးရှုံးသွားတဲ့ လူတွေကလည်း သူတို့ကိုထောက်ပံ့ကြေး အနည်းငယ်သာပေးတယ်လို့ ပြောကြပါ တယ်။ အဲဒီထဲမှာ အီလိုင်ဟတ်ဆာဆောက်တီ လည်းအပါအဝင်ပါပဲ။ သူ့ရဲ့ ဖခင်ဟာ ပေါက်ကွဲမှုဖြစ်ပွား တုန်းက ဆိပ်ကမ်းက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေခဲ့ပြီး အိမ်ကိုပြန်ရောက်လာနိုင်ခဲ့ခြင်း မရှိပါဘူး။ အာဏာပိုင်တွေဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ နှောင့်နှေးခဲ့ကြပြီး ပျောက်ဆုံးသွားတဲ့လူတွေရဲ့ ကံကြမ္မာကိုနည်းနည်းလေး တောင် အသိမပေးဘဲ ရှာဖွေမှုတွေရပ်ဆိုင်းလိုက်တယ် လို့ အီလိုင်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

ဆန္ဒပြပွဲ ပြန်လည်ပေါ်ပေါက်

 

အစိုးရနုတ်ထွက်လိုက်တယ်ဆိုတဲ့သတင်းကြောင့် ဆန္ဒပြမှုတွေကို အနည်းငယ်အရှိန်တန့်သွားစေပါတယ်။ ဩဂုတ် ၁၀ ရက်ညပိုင်းမှာတော့ ဆန္ဒပြပွဲတွေ ပြန်လည်ပေါ်ပေါက်လာပြီး အစိုးရအဖွဲ့နုတ်ထွက်လိုက်ရုံနဲ့ သူတို့တောင်းဆို ထားတဲ့အရာတွေ မပြီးမြောက်သေးဘူးလို့ ဆန္ဒပြသူတွေကပြောပါတယ်။ အစိုးရအဖွဲ့နုတ်ထွက် လိုက်ခြင်းဟာ အတိတ်ကာလတုန်းက ကြုံတွေ့ခဲ့ဖူးတဲ့ နိုင်ငံရေးအရ ချောင်ပိတ်မိတဲ့အခြေအနေမျိုးပြန်ရောက် သွားနိုင်တယ်လို့ အများစုက ယုံကြည်ကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ဆတ်ဒ်ဟာရီရီ နုတ်ထွက်သွားခဲ့ရဖူးပါတယ်။ အဲဒီနောက်ဖေဖော်ဝါရီလရောက်တဲ့ အခါမှာတော့ လက်ရှိ ဝန်ကြီးချုပ်ကို အစားထိုးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ လက်ဘနွန်နိုင်ငံရဲ့ အစိုးရထိပ်ပိုင်းမှာ အပြောင်းအလဲ သိပ်မရှိတော့ပါဘူး။

 

ယုံကြည်ထား

 

လက်ဘနွန်ပါလီမန်အဖွဲ့ဝင်တွေဟာ ဩဂုတ် ၁၃ ရက်မှာတော့ ထပ်မံတွေ့ဆုံသွားဖို့ရှိပြီး အစိုးရသစ် ဖွဲ့စည်းဖို့ကတော့ အချိန်ယူရဦးမှာပါ။ လက်ရှိ ဘေရွတ်မြို့မှာ သက်သာချောင်ချိရေးလုပ်ဆောင်မှုတွေကို အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေပါတယ်။ အုပ်ချုပ်သူတွေအနေနဲ့ စစ်မှန်တဲ့ပြောင်းလဲမှုတွေ လုပ်မလုပ် ဆိုတာကို တိုင်းပြည်က စောင့်ကြည့်သွားရမယ်လို့ အများကယုံကြည်ထားပါတယ်။ လက်ဘနွန်အစိုးရအဖွဲ့ နုတ်ထွက်ပြီး သွားတဲ့နောက် ဘာတွေဆက်ဖြစ်မလဲ။  အစိုးရသစ်ဘယ်တော့ ဖွဲ့စည်းနိုင်မလဲ၊ ဆန္ဒပြသူတွေရဲ့ ဒေါသဘယ် အချိန်မှ ပြေပျောက်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါပဲ။

 

ကိုးကား - နယူးယောက်တိုင်းမ်