ရန်ကုန် ၁၁ အောက်တိုဘာ
လူဦးရေ(၅၀၀)ဝန်းကျင်ခန့် ကြည့်ရှုနိုင်မည့် မင်္ဂလာအဆင့်မြင့် (မြောက်ဥက္ကလာပ) ရုပ်ရှင်ရုံသစ်ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာပ အဝိုင်းအနီး၌ ဖွင့်လှစ်လိုက်သည်။
ဖွင့်ပွဲနှင့်ပတ်သက်၍ မင်္ဂလာကုမ္ပဏီမှ မန်နေဂျာ ဦးစောလွင်က `ကျွန်တော်တို့ ကုမ္ပဏီက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်တဲ့အနေနဲ့ ရုပ်ရှင်ရုံတွေကို တိုးချဲ့တည်ဆောက်သွားမယ့် ရည်ရွယ်ချက်ရှိပါတယ်။ ဆင်ခြေဖုံး မြို့နယ်တွေမှာ ရုပ်ရှင်ရုံက နည်းတော့ မြို့ထဲကိုလာပြီး ကြည့်ရတဲ့ အနေအထားရှိပါတယ်။ နဝဒေးရုပ်ရှင်ရုံတော့ ရှိတယ်။ ဒီဘက်မှာလည်း ပရိသတ်က ရှိနေတဲ့အတွက် အခုလို တိုးချဲ့ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။
မင်္ဂလာအဆင့်မြင့် (မြောက်ဥက္ကလာပ)ရုပ်ရှင်ရုံတွင် (2D ၊ 3D) Cinema - 1 Cinema - 2 ဟူ၍ နှစ်ရုံရှိပြီး ဖွင့်ပွဲအနေဖြင့် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် အဝေးချစ်ရုပ်ရှင်ဇာတ်ကားနှင့် VENOM နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတို့ကို အောက်တိုဘာ ၁၂ ရက်မှ စတင်ပြသသွားမည်ဖြစ်သည်။
“အခုနောက်ပိုင်းမှာ ရိုက်တဲ့ကားတွေကလည်း များလာတဲ့အတွက် ရုပ်ရှင်ရုံတွေကိုလည်း တိုးချဲ့တည်ဆောက်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်ပတ်မှာ တစ်ကားပဲ ပြသနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဇာတ်ကားအရေအတွက် များများပြသနိုင်အောင်ကြိုးစားတဲ့အနေနဲ့ ပိတ်ကားတွေ ခွဲပြီးပြသနေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေကို ဖျော်ဖြေမှုအနေနဲ့ ရသအကောင်းဆုံးပေးနိုင်အောင် အပန်း ဖြေနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ရုပ်ရှင်ရုံတွင် နိုင်ငံခြားရုပ်ရှင်များနှင့် မြန်မာဇာတ်ကားများကို အလှည့်ကျ ပြသသွားမည်ဖြစ်ပြီး Cinema - 1 တွင် လူဦးရေ ၂၆၀ နှင့် Cinema 2 တွင် ၂၈၅ ဦး ကြည့်ရှုနိုင်မည်ဖြစ်သည်။ ရုပ်ရှင်လက်မှတ်နှုန်းထားများကို 2D တွင် ကျပ် ၁၅၀၀ ၊ ၂၅၀၀ ၊ ၃၀၀၀ ၊ ၄၅၀၀ နှင့် 3D တွင် ကျပ် ၂၀၀၀ ၊ ၃၀၀၀၊ ၃၅၀၀ နှင့် ၅၀၀၀ သတ်မှတ်ထားပြီး ပွဲစဉ်များအနေဖြင့် နံနက် ( ၁၀ ) နာရီမှ ည(၉) နာရီခွဲအထိ တစ်နေ့လျှင် (၅) ပွဲ ပြသသွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်းသိရသည်။
“ရုပ်ရှင်ရုံများများဖွင့်နိုင်လေ ကောင်းလေပေါ့၊ တချို့ရပ်ကွက်တွေက ရုပ်ရှင်ရုံမရှိဘူး။ ဒါပေမယ့် ရုပ်ရှင်ရုံတစ်ရုံစာမကသော လူဦးရေရှိတယ်။ ရုံတွေများများဆောက်နိုင်တာ ဝမ်းသာတယ်။ မြန်မာပြည်မှာ ရုပ်မြင်သံကြား တွေရှိတယ်။ လူမှုကွန်ရက်တွေလည်းရှိတယ်။ ဒါပေမယ့် ရုပ်ရှင်ဆိုတဲ့ အရသာက ဘာနဲ့မှမတူဘူး။ ရုံထဲမှာ ပိတ်ထားပြီးကြည့်တာ ဖြစ်တဲ့အတွက် အရသာပိုရှိတယ်။ အသံလည်း မတူဘူး။ ရုပ်ရှင် ကြည့်တာ ပိုပြီးအရသာရှိတယ်လို့ ထင်ပါတယ်” ဟု ဒါရိုက်တာ ပန်းချီစိုးမိုးကပြောသည်။
ယနေ့ဖွင့်လှစ်လိုက်သည့် မင်္ဂလာအဆင့်မြင့်(မြောက်ဥက္ကလာ)ရုပ်ရှင်ရုံသည် မင်္ဂလာကုမ္ပဏီ၏ (၂၅) ရုံမြောက် ရုပ်ရှင်ရုံဖြစ်ပြီး မကြာမီ တာမွေမြို့နယ်၌လည်း မင်္ဂလာအဆင့်မြင့်(တာမွေ)ရုပ်ရှင်ရုံကို ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်စတူဒီယိုများ မွမ်းမံပြင်ဆင်ပေးခြင်း၊ ရုပ်ရှင်အတတ်ပညာနှင့် နည်းပညာများ ဆွေးနွေးတိုင်ပင်နိုင်မည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စင်တာတွင် အလုပ်ရုံဆွေး နွေးပွဲများ၊ ဇာတ်ညွှန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို လစဉ်ကျင်းပပေးလျက် ရှိပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားခြင်း၊ အချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုမှာ ၂၀၁၄ခုနှစ်တွင် ဇာတ်ကား(၉)ကား၊ ၂၀၁၅ ခုနစ်တွင်(၃၂)ကား၊ ၂၀၁၆ ခုနစ်တွင် (၉၈)ကား၊ ၂၀၁၇ ခုနစ်တွင်(၁၅၈)ကားနှင့် ၂၀၁၈ခုနစ် ယခုလအထိ (၁၂၀) အထိ တိုးတက်ထုတ်လုပ်လာနိုင်ခဲ့သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို ပြသရန် ရုပ်ရှင်ရုံများကိုလည်း တိုးချဲ့တည် ဆောက်လျက်ရှိပြီး ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရုပ်ရှင်ရုံများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့်လည်း ချိတ်ဆက်စီမံဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၃ ခုနစ်တွင် ရုပ်ရှင်ရုံ(၁၉) ရုံ၊ ပိတ်ကား(၁၉)ခု ရှိခဲ့ရာမှ ယခုအခါ ရုပ်ရှင်ရုံ (၁၁၃)ရုံ ၊ ပိတ်ကား(၁၂၇)ခုအထိ တိုးတက်ဖွင့်လှစ်လာနိုင်ခဲ့သည်။
ရုပ်ရှင်ရုံများ တိုးတက်ဖွင့်လှစ်လာနိုင်သည့်အပေါ် ရုပ်ရှင်သရုပ်ဆောင် ကျော်ထက်အောင်က “ဒီလို ရုပ်ရှင်ရုံအသစ်တွေ ထပ်တိုးလာတာ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်ကားတွေကို ရုံတင်ပေးနိုင်တာ ဒီလို ရုပ်ရှင်ရုံတွေရှိတဲ့အတွက်ကြောင့်ပါ။ ကျွန်တော်တို့ ဖန်တီးလိုက်တဲ့အရာတွေကို အဝေးကြီးသွားကြည့်စရာမလိုဘဲ မြို့နယ်တိုင်းမှာ ရုပ်ရှင်ရုံတွေရှိနေရင် မြို့နယ်နေပြည်သူတွေ အဆင့်အတန်း မြင့်မြင့်ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့လည်း ဖန်တီးရကျိုးနပ်ပါတယ်” ဟု ဆိုသည်။
ဝင်းဝင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်