MRTV- 4 မှ ထုတ်လွှင့်ပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲများစွာတွင် နေရာယူလာသည့် သရုပ်ဆောင်ပိုးကြာဖြူသည် လတ်တလောတွင် မိုးကောင်းကင်အိပ်မက် ဇာတ်လမ်းတွဲထဲမှ ပန်းသည်မလေး ဆိုင်းမိုင်အဖြစ် ပရိသတ်များကြား ရေပန်းစားနေလျက်ရှိရာ သူ၏ အနုပညာအပေါ်ခံယူချက်များနှင့် အနုပညာလှုပ်ရှားမှုများအကြောင်းကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။
မေး - ဆိုင်းမိုင် ကာရိုက်တာကို လက်ခံဖြစ်ခဲ့တာက။
ဖြေ - ဟုတ်၊ ညီမ ဒီအနုပညာအလုပ်ကို စလုပ်ဖြစ်ခဲ့တာက ၂ဝ၁၄ ခုနှစ်မှာ ဆရာ ဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်းတက်ဖြစ်တယ်၊ ပြီးတော့ အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်ခဲ့တယ်၊ အဲဒီနောက်ပိုင်း ၂ဝ၁၅ ခုနှစ်မှာ MRTV- 4 ကနေ ရုပ်သံ ဇာတ်လမ်းတွဲတွေရိုက်ဖို့ သရုပ်ဆောင်အသစ်တွေခေါ်တာနဲ့ ညီမသွားလျှောက်ခဲ့ရာ ကနေ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ၊ အဲဒီကနေစပြီး အခု မိုးကောင်းကင် အိပ်မက်ဇာတ်လမ်းတွဲအထိပါပဲ၊ ဒီဇာတ်လမ်းတွဲလေးထဲက ကာရိုက်တာတွေကတော့ ညီမဒီကားလေးမရိုက်ခင် ဘားအံဘက်မှာ ဆရာမဇာတ်ရုပ်လေး သရုပ်ဆောင်နေရတာပေါ့နော်၊ ဥယျာဉ်မှူးဖြစ်ဖူးချင်သည် ဇာတ်လမ်းတွဲရိုက်နေတုန်း မိုးကောင်းကင်အိပ်မက် ကားရိုက်မယ်၊ အဲဒီမှာ ဒီကာရိုက်တာလုပ်ရမယ်၊ တစ်နေရာပဲကျန်တော့တယ်ဆိုပြီး ပြောတာနဲ့ ရိုက်ဖြစ်ခဲ့တာပါ၊ ကျန်တဲ့ဇာတ်ကောင်တွေက လူတွေရွေးပြီးထားပြီ၊ ပြီးတော့ ဒီဇာတ်ရုပ်ကလည်း ညီမနဲ့လိုက်တယ်ဆိုတာကြောင့်ရိုက်ဖြစ်ခဲ့တာပါ၊
မေး - ရိုက်သမျှဇာတ်တွေက အနေအေးတဲ့သူအဖြစ်နဲ့ပဲ တွေ့ရတယ်နော်၊ တကယ်လို့ ကာရိုက်တာချိန်းခိုင်းရင်ရော။
ဖြေ - ဟုတ်၊ ဆိုင်းမိုင်ဇာတ်ကောင်မှာ အဆိုးရော အကောင်းရော နှစ်မျိုးလုံးကို တွေ့နိုင်ပါတယ်၊ အခုနောက်ထပ်ရိုက်မယ့် ကြယ်ကလေးရဲ့ကောင်းကင် ဇာတ်မှာ တော့ ကာရိုက်တာချိန်းထားတာကို ပရိသတ်တွေ့ရဦးမှာပါ၊ ကလေးဆန်တဲ့သူ တစ်ယောက်အဖြစ် တွေ့ရမှာပါ၊ ညီမ ထပ်ပြီးရိုက်ချင်တဲ့ ဇာတ်ဆိုရင် စုံထောက်ပုံစံလေးတွေ၊ လူကြီးသိပ်ဆန်တဲ့ပုံလေးတွေရှိမယ်၊ ဗီလိန်ကာရိုက်တာတော့ လုံးဝမရိုက်ချင်ဘူးရှင့်၊ ကာရိုက်တာချိန်းသွားဖို့ဆို ညီမက စကားပြောတဲ့ပုံစံ၊ ကိုယ်ဟန် အမူအရာတွေကို နည်းနည်းချင်းစီ ပြောင်းလိုက်တယ်၊ ဆရာမကာရိုက်တာမှာဆို ဆရာမပုံ၊ ဆိုင်းမိုင်ကာရိုက်တာဆိုလည်း ပရိသတ် မြင်တဲ့အတိုင်းပေါ့နော်၊ အခု နောင်ရိုက်မယ့် ချစ်ပန်းအိမ်မှာဆို ပရိသတ်ကြည့်ရင် ညီမက အလွန်အေးတဲ့သူလို့ အပြင်မှာမြင်ကြမယ်၊ ဒါပေမယ့် ညီမက စကားသိပ်သွက်တယ်၊ အပြင်မှာ တက်ကြွတဲ့သူ၊ အဲဒီကာရိုက်တာနဲ့ တခြားစီဖြစ်နေတယ်။ အနေအေးတဲ့သူ၊ စကားနည်းတဲ့ မိန်းကလေးအဖြစ်နဲ့ဆိုတော့ အခက်အခဲတွေရှိခဲ့ပါတယ်။ ချစ်ပန်းအိမ် ကာရိုက်တာ က အလွန် မိန်းကလေးဆန်တဲ့သူ ဖြစ်နေတော့ ခက်တယ်။
မေး - ကိုယ်က ဇာတ်လမ်းတွဲကနေ ရုပ်ရှင်ဘက်ကူးတဲ့အခါ ကိုယ့်အတွက် အခက်အခဲ ဖြစ်စေနိုင်လား။
ဖြေ - ဇာတ်လမ်းတွဲ ရိုက်နေသူတစ်ဦးအတွက်ကတော့ ကျန်တာအဆင်ပြေမယ် ထင်တယ်။ ဇာတ်လမ်းတွဲရိုက်တာက စနစ်ကျပြီး သူ့ပုံစံနဲ့သူ ဝင်အောင် လုပ်ရတာလေ၊ ခက်တယ်၊ ရုပ်ရှင်ကျတော့ တစ်ခန်းချင်းစီသွားတယ်၊ မကြိုက်ရင်ပြန်လုပ်ရတော့ လွယ်မယ်ထင်တယ်။
မေး - ဇာတ်ကားကြီးတွေရိုက်ရင်ရော ရွေးချယ်တာမျိုးရှိနိုင်လား။
ဖြေ - ဇာတ်လမ်းတွဲက ပရိသတ်နဲ့ထိတွေ့ခွင့်ရတာ ပိုများမယ်ထင်တယ်။ အဲဒီတော့ ဇာတ်လမ်းတွဲရိုက်ရတာ ပိုကြိုက်တယ်။ တကယ်လို့ ဇာတ်ကားအပြင်မှာရိုက်ဖို့ ကမ်းလှမ်းလာရင်တော့ ကိုယ်ကြိုက်တဲ့ကာရိုက်တာကို ရွေးသွားမှာပါ။ လုပ်ကွက် လည်းကျန်တဲ့ဇာတ်မျိုးဆို လက်ခံသွားမှာပါ။
မေး - အပြင်မှာ မာနကြီးတယ်လို့ပြောကြတယ်။
ဖြေ - အဲလိုလည်းမဟုတ်ပါဘူး၊ ညီမက နေတတ်သလိုနေတာပါ၊ အပြင်မှာတော့ ပရိသတ် အတွေ့နည်းတဲ့သူပါ၊ ဇာတ်လမ်းထဲမှာတော့ ဆိုင်းမိုင်က ဆိုးတဲ့အခန်း တွေပါလာတော့ ပရိသတ်အမြင်ကပ်သွားတာမျိုးလည်း ရှိမှာပါ၊ ညီမစိတ်အခန့် မသင့်တဲ့အချိန်နဲ့ တွေ့မိတဲ့အခါ အဆင်မပြေမှုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။
မေး - သရုပ်ဆောင်တွေထဲမှာ ကြိုက်တဲ့သူက။
ဖြေ - မခိုင်နှင်းဝေပါ၊ သူနဲ့ လက်တွဲခဲ့တာမျိုးရှိတယ်၊ သူ့ရဲ့သရုပ်ဆောင်တာကို ကြိုက်တယ်၊ သူ့အိုက်တင်က ငြိမ်ပြီးတော့ ပညာပါတယ်၊ နောက်တစ်ဦးက မအေးမြတ်သူ၊ သူတို့နှစ်ဦးရဲ့ ကာရိုက်တာကို ကြိုက်ပါတယ်။
ကိုလင်း