ကော့သောင်း ၁၇ အောက်တိုဘာ 

 

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေသည့် Miss Grand International 2018 ပြိုင်ပွဲဝင် နိုင်ငံတကာ အလှမယ်များသည် ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာ့အမျိုးသား လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

 

 

အဆိုပါ Miss Grand International 2018 ပြိုင်ပွဲကို နိုင်ငံ၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝအလှများ၊ ဓလေ့ထုံးတမ်း အစဉ်အလာကောင်းများ၊ မိမိနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေမှုများအား နိုင်ငံတကာသို့ပြသရန်၊ စစ်ပွဲများနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံတော်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး ရည်ရွယ်၍ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ရန်ကုန်မြို့ Gandamar Grand Ballroom တွင် ကျင်းပခဲ့သည်။ အောက်တိုဘာ ၂၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သူဌေးကျွန်းပေါ်ရှိ Grand Andaman Hotel & Resort ၌ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Winner ဆုအပြင် အခြားဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ပြိုင်ပွဲဝင် နိုင်ငံတကာ အလှမယ်များသည် ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ ပင်လယ်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လျက်ရှိသည့် ကော့သောင်းဒေသ ပတ်ဝန်းကျင် ပင်လယ်ကျွန်းများဖြစ်သော ကြက်မောက်ကျွန်း (ခေါ်) Cock Comb Island၊ စေတန်ကျွန်း  (Satan Island)၊ ညောင်ဦးဖီးကျွန်း (nyaung oo phee island)၊ မြင်းခွာကျွန်းများနှင့် မြန်မာ့ ပင်လယ်ပြင် အတွင်းရှိ အခြား သဘာဝကျွန်းအလှအပများအား အောက်တိုဘာ ၁၉ ရက်တွင် လေ့လာကြည့်ရှု လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)