တနင်္သာရီ ၂၁ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် အောက်တိုဘာ ၂၈ ရက် (သီတင်းကျွတ် လပြည့်ကျော် ၄) ရက်နေ့၌ (၈၆၅) နှစ်မြောက် ရိုးရာနဂါး လှေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရွှေနန်းသာရီ နဂါးလှေတော်ရေချ မင်္ဂလာနှင့် နဂါးလှေတော် ရေလယ်ဆုများ ချီးမြှင့်ပေးနိုင်ရန် နဂါးလှေတော် ဓလေ့ စာတန်းဖတ်ခြင်းကို အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီ ၄၅ အချိန်က တနင်္သာရီမြို့-ချောင်းကြီးကျောင်း တိုက်မှရွှေလိပ်ပြာ ကမ်းနားလမ်းရေဆိပ်သို့ လှေတော်သားများ စုပေါင်းအားဖြင့် ပုခုံးနှင့်ထမ်း၍ စုပေါင်းညီညာစွာ ရေချမင်္ဂလာနှင့်အတူ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ငွေနန်းသာရီနဂါးလှေရုံ အရှေ့ရေဆိပ်နေရာတွင် ရွှေနန်းသာရီနှင့် ငွေနန်းသာရီနဂါးလှေမှ လှေတော်သားများအား တနင်္သာရီမြို့ နဂါးလှေတော်များ၏ ရာဇဦးပေါက်ဖြစ်သူ နောင်သန်းစိုးဝင်းမှ“တနင်္သာရီ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို တနင်္သာရီသားတွေ ကိုယ်တိုင်သိပြီးတော့ ဒီယဉ်ကျေးမှုကို အားနဲ့မာန်နဲ့ ထိန်းသိမ်းနိုင်စေဖို့” ရည်ရွယ်၍ ထူးထူးခြားခြား တနင်္သာရီရိုးရာ နဂါးလှေတော် ဓလေ့နှင့်နဂါးလှေကဗျာ မင်္ဂလာဧစာ(အေစာ) စာတန်းကို ငွေနန်းသာရီ နဂါးလှေပေါ်၌ ဖတ်ကြားရှင်းလင်းပေးပြီး မေးခွန်းများကို ဖြေဆိုနိုင်သူအား နဂါးလှေ ရေလယ်ဆုအဖြစ် မြို့နယ် နဂါးလှေ အသင်းနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရွှေနန်းသာရီ နဂါးလှေတော်သည် ချောင်းကြီးကျောင်းတိုက် ပဓာနဆရာတော်ဘုရားကြီး အရှင်ပညဒီပ ကိုယ်တိုင်က လွန်ခဲ့သော (၁၃၈ဝ)ပြည့်နှစ်ကတည်းက စံကားရွှေဝါ သစ်သားကို ကိုယ်တိုင်ထွင်းထု ထားခြင်းဖြစ်ကာ သက်တမ်း (၈ဝ) ရှိပြီဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်း သက်တမ်းအရင့်ဆုံး နဂါးလှေတော် ဖြစ်ကာ လှေတော်သား(၁၄)ဦး စီးနင်းလှော်ခတ်နိုင်ပြီး ယနေ့မှစ၍ လှော်ခတ်လေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
၄င်းတနင်္သာရီရိုးရာ နဂါးလှေ ရေခင်းသဘင်ပွဲကို ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာန သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် သီတင်းကျွတ် လပြည့်ကျော် (၄) ရက် အောက်တိုဘာ ၂၈ ရက်နေ့တွင် စုပေါင်း မဟာဘုံကထိန်ပွဲနှင့် ယှဉ်တွဲ၍ တနင်္သာရီမြို့မှ ရွှေနန်းသာရီနှင့် ငွေနန်းသာရီ နဂါးလှေနှစ်စီး၊ လယ်သစ်ကျေးရွာအုပ်စုမှ ရန်ကြီးအောင်၊ မြကြီးအောင်၊ ပတ္တမြားသွယ်နှင့် စိန်ပန်းသွယ် အမည်ရှိ နဂါးလှေ(၄)စီး စုစုပေါင်း နဂါးလှေ (၆)စီးတို့မှ လှေတော်သား အင်အား(၂၅ဝ) ခန့်တို့ စုပေါင်းညီညာစွာ နဂါးလှေကဗျာ(အေစာ)ကို သီဆိုဟစ်ကြွေးလျက် လှော်ခတ်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)