မုံရွာ ၂၁ စက်တင်ဘာ
မုံရွာမြို့နယ်၏ သမိုင်းဝင်ဘုရားကြီးဖြစ်သော သာစည်ကျေးရွာရှိ မဟာစေတီလှ ဘုရားကြီးတွင် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပမြဲဖြစ်သော မီးပုံပျံလွှတ်ပွဲတော်နှင့် မြန်မာ့ရိုးရာ နဂါးကပွဲကို ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း မဟာစေတီလှဘုရားကြီးဂေါပက အဖွဲ့ထံမှ သိရသည်။
'' အဘတို့ ကျေးရွာမှာရှိတဲ့ မဟာစေတီလှ ဘုရားကြီးဝင်းအတွင်းမှာ မီးပုံးပျံလွှတ်ပွဲကို နှစ်စဉ် ကျင်းပလာတာ ခေတ်အဆက်ဆက်ပဲ၊ အဘတို့လက်ထက်မှာလည်း ဆက်ပြီးကျင်းပတာပါ၊ ဟိုတုန်းကတော့ မီးပုံးပျံကို ဆင်ရုပ်၊ ဖိုးသူတော်ရုပ်တွေချိုးပြီး လွှတ်ကြတယ်၊ အခုနောက်ပိုင်းမှာ ကမ္ဘာလုံးပုံပဲ ချိုးပြီး လွှတ်ကြတော့တယ်၊ အခုနှစ် အတွက် မီးပုံးပျံပြင်ဆင်တဲ့ အပိုင်းကတော့ အားလုံးပြီးပါပြီ၊ မီးစာတပ်တဲ့ အဆင့်ကို ရောက်ပါပြီ လပြည့်နေ့မှာ လွှတ်တင်ဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ'' ဟု မီးပုံးပျံ ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချိုက ပြောသည်။
သီတင်းကျွတ် လပြည့်နေ့တွင် ကျင်းပသည့် မီးပုံးပျံလွှတ်ပွဲနှင့်အတူ နှစ်စဉ်ရိုးရာမပျက် မြန်မာ့ရိုးရာ နဂါးအကများ ထည့်သွင်း ကပြလျက်ရှိရာ ယခုနှစ်တွင် သာစည်ကျေးရွာနယ်ပိုင် (၆၄)ရွာအုပ်စုတွင် ပါဝင်သော အရာတော်မြို့နယ်မှ သစ်ကျင်းကြီးကျေးရွာနှင့် ညောင်ထူးကျေးရွာတို့မှ မြန်မာ့ရိုးရာ နဂါးအကအဖွဲ့ (၂)ဖွဲ့မှ ပဝင်ကပြသွားမည်ဖြစ်ကြောင်း သိရသည်။
'' မြန်မာ့ရိုးရာ နဂါးအကက မဟာစေတီလှဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပတိုင်း ပါဝင်ကပြပါတယ်၊ ဟိုတုံးကတော့ နဂါးအကကို (၅)ရွာလောက်ကပြကြတယ်၊ နောက်ပိုင်းမှာ သစ်ကျင်းကြီးကျေး ရွာနဲ့၊ ညောင်ဒူး ကျေးရွာတို့သာ ကပြကြတော့တယ်၊ အခုကတော့ မြန်မာ့ရိုးရာ နဂါးအကကတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ၊ အခုအချိန်ဆို နဂါးအက လေ့ကျင့်ရင်းနဲ့ ရွာထဲလှည့်ပြီး အလှူခံကြတယ်၊ အလှူခံရတဲ့ အလှူငွေတွေ၊ ကျေးရွာသူ/ ကျေးရွာသားတွေ စုပေါင်းထည့်ဝင်တဲ့ အလှူငွေတွေနဲ့ သီတင်းကျွတ်လပြည့်နေ့ မီးပုံးပျံလွှတ်ပွဲတော်မှာ လာပြီးကပြရင်း အလှူငွေတွေကို ဘုရားကြီးမှာ လှူဒါန်းကြတယ်၊ နဂါးအကက ကျေးရွာလူငယ်တွေ ကျန်းမာသန်စွမ်းပြီး စည်လုံးညီညွတ်ကြတယ်၊ နောက်ပြီး မိမိတို့ကျေးရွာမှာ မိုးလေဝသကောင်းမွန်ပြီး စိုက်ရေး ပျိုးရေးများ အဆင်ပြေစေဖို့ ယုံကြည်ချက်နဲ့ ကပြတယ်လို့ ရှေးကတည်းက အဆိုရှိတဲ့အတွက် စဉ်ဆက်မပြတ် ကကြတာပါ''ဟု သစ်ကျင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးလွင်က ပြောသည်။
မဟာစေတီလှ မြတ်စွာဘုရားကြီးအတွင်း ကျင်းပသည့် မီးပုံးပျံလွှတ်ပွဲသို့ မုံရွာမြို့နယ်အတွင်းမှ ကျေးရွာပေါင်း (၄၂)နှင့် အရာတော်မြို့နယ်အတွင်းမျာ ကျေးရွာ(၁၉)ရွာနှင့် ဘုတလင်မြို့နယ်အတွင်းမှကျေးရွာ (၃)ရွာတို့ လာရောက်ကြကြောင်းနှင့် မြန်မာရိုးရာ နဂါးအကကို ယခင်ကကျေးရွာ(၅)ရွာတို့မှ ကပြခဲ့သော်လည်း ယခုအခါတွင် ညောင်ဒူး ကျေးရွာနှင့် သစ်ကျင်းကြီး ကျေးရွာတို့မှ ပါဝင်ကပြ သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)