အောင်လံ ၁၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် မြို့လှကျေးရွာ၌ ပြည်သူ့ကျန်းမာရေးအတွက် အခမဲ့ဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က မိတ်ဆက်အမှာစကား ပြောကြားပြီး မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးက အသင်း၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးလွင်က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ဟောပြောဆွေးနွေးကြပြီး ဒေါက်တာမျိုးလွင် ဦးဆောင်သော ဆရာဝန်လေးဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အထွေထွေနှင့် သွားရောဂါများကို စမ်းသပ်စစ်ဆေးကုသခြင်း၊ တိုင်းရင်းဆေးကုဌာနမှူး ဒေါ်ခင်အေးအေးနိုင်နှင့် အဖွဲ့က မြန်မာ့တိုင်းရင်းဆေးဖြင့် စမ်းသပ်စစ်ဆေးကုသခြင်းများကို ဆောင်ရွက်ခဲ့ကြရာ ဒေသခံပြည်သူ ၂၅၇ ဦးတို့အား ရောဂါစမ်းသပ်ခြင်းနှင့် ဆေးကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းလွင်(အောင်လံ)