ရန်ကုန် ၁၉ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နည်းပညာတက္ကသိုလ်(သန်လျင်)၌ Mother Construction Co.Ltd မှ ဆောက်လုပ်လှူဒါန်းသည့် ကျောင်သားကျောင်းသူအဆောင် လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် အဆိုပါကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ကျောင်သားကျောင်းသူ အဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားပြီး Mother Construction Co.Ltd မှ ဒါရိုက်တာက ကျောင်သား ကျောင်းသူအဆောင်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုဆောက်လုပ်လှူဒါန်းသည့် အဆောင်များကို အကောင်းဆုံး ဖြည့်ဆည်းထားပြီး ကျောင်းဆောင်များတွင် နေထိုင်မည့် ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထားသည်ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် ကျောင်းများကို ယခုကဲ့သို့ ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလိုသော်လည်း ဝန်ကြီးဌာန၌ တက္ကသိုလ် ၁၃၄ ကျောင်းရှိသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ရာတွင် ခွင့်ပြုဘဏ္ဍာငွေ အတွင်းမှ ဦးစားပေး အစီအစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်ရပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍကို အရည်အသွေးရှိပြီး တန်ဖိုးရှိသော ဘွဲ့လက်မှတ်များဖြစ်လာရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိမိတို့အနေဖြင့် ဒေသ၏လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသော ဘွဲ့သင်တန်းများဖြစ်ရန် အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာဆရာမများအနေဖြင့် ဘွဲ့ရလူငယ်များကို လက်တွေ့ဘဝနှင့် နီးစပ်ပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သော ဘွဲ့သင်တန်းများ လုပ်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် သုတေသနစွမ်းဆောင်ရည်၊ သင်ရိုးညွှန်းတမ်းများ မြှင့်တင်နိုင်သည့် စွမ်းဆောင်ရည်၊ သင်ကြားသင်ယူမှုစွမ်းရည်၊ ပရော့ဂျက် အခြေပြုသင်ယူနည်းများ စသည့် အရည်အသွေး ပြည့်မီမှသာ ကျောင်းသား ကျောင်းသူများကို လက်တွေ့ဘဝနှင့် နီးစပ်သော သင်ကြားသင်ယူမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသ၏ လိုအပ်ချက်ကို အထောက်အကူဖြစ်သည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဆရာဆရာမများ အနေဖြင့် အရည်အသွေးပြည့်ဝရန် လိုအပ်ပါကြောင်း။
ထိုသို့ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သလို သုတေသနရလဒ်များမှ ဆွေးနွေးအကြံပြုချက်များအပေါ် မူတည်ပြီး သုတေသနစာတမ်းများကို ပိုမိုကောင်းမွန်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်တွေ့ဘဝနှင့် နီးစပ်သော သင်ကြားသင်ယူမှုများကို ဆောင်ရွက်နိုင်မှသာ ဘွဲ့ရကျောင်းသားကျောင်းသူများအား လက်တွေ့လုပ်ငန်းခွင်နှင့် နီးစပ်သော ဘွဲ့ရလူငယ်များအဖြစ် ပြုစုပျိုးထောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြုစုပျိုးထောင်နိုင်မှသာ ပညာရေးသည် အရည်အသွေးရှိသော ပညာရေးဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများနှင့် လက်တွဲပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင် Mother Construction Co.Ltd မှ မန်နေးဂျင်း ဒါရိုက်တာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။
(သတင်းစဉ်)