နေပြည်တော်  ၁၅  သြဂုတ်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ  စက္ကူစက်ရုံ(ရေနီ)နှင့် သာဂရ စက်မှုနယ်မြေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး က စက်ရုံဆိုင်ရာအချက်အလက်များ၊  စက်ရုံငှားရမ်းခဲ့သည့် အခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ဝန်ထမ်းအင်အားတို့ကိုလည်းကောင်း၊ Lat War Co., Ltd. နှင့် Best Eternity Recycle Pulp and Paper Co,.Ltd တာဝန်ရှိသူများက လက်ရှိ စက်ရပ်နားထားမှု၊ စက်ပြန်လည် လည်ပတ်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက် ထားရှိမှု၊ Wet Pulp မှ Dry Pulp သို့ ပြောင်းလဲထုတ်လုပ်နိုင်ရေးအတွက် ထပ်မံရင်းနှီးတိုးချဲ့ ဆောင်ရွက်မည့်အခြေအနေ၊ Tissue နှင့် Kraft Pulp တိုးချဲ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက် နေသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  သိရှိလိုသည်များကို အသေးစိတ်မေးမြန်း၍ လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်း (Privatization)၊ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း (Public Private Partnership -PPP)၊ ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း (Joint Venture - JV) စသည့် နည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူအများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ပြီး တိုင်းပြည်ဝင်ငွေလည်း တိုးတက်မည် ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့မည့် ပျော့ဖတ်များကိုလည်း စနစ်တကျထုပ်ပိုးရမည်ဖြစ်ကြောင်း၊ Waste water များကိုလည်း စနစ်တကျ သန့်စင်ပြီးမှသာ စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ ငှားရမ်းထားသည့် ကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဉပဒေ၊ လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံငှား ရမ်းထားသည့် ကုမ္ပဏီအနေဖြင့် ရရှိသည့် အမြတ်အစွန်းအချို့ကို ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် စက်ရုံအနီးပတ်ဝန်းကျင်အတွက် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြန်မာဆူးမက်(စ်) ဝင်းဝင်းအထည်ချုပ် Co,.Ltd နှင့် Bago Young Clothing Ltdတို့၏ CMP စနစ်ဖြင့် ဆောင်ရွက်နေသော အထည်ချုပ်လုပ်ငန်းများကိုလည်းကောင်း၊ ပြည်ပသို့တင်ပို့ရန် ချုပ်လုပ်နေသော Primark (UK) တံဆိပ် Woven Jacket, T-Shirt, Polo Shirt, Short Pant များ ထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာဂရစက်မှုနယ်မြေသို့ရောက်ရှိရာ  အမှတ်(၁၄) အကြီးစားစက်ရုံနှင့် အမှတ်(၁၅) အကြီးစားစက်ရုံ စက်ရုံမှူးများက စက်ရုံသမိုင်း အကျဉ်း၊ ထုတ်ကုန်အမျိုးအစားများ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဝန်ထမ်းအင်အားတို့ကို လည်းကောင်း၊ အမှတ်(၃)စက်မှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ကာလတိုသင်တန်းများ၊ စက်မှုနှင့်် အသက်မွေးပညာ ရွေ့လျားသင်တန်းများ ဖွင့်လှစ်ခဲ့မှုနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဆင်သင့် ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အမှတ်(၁၄) အကြီးစား စက်ရုံအနေဖြင့် ထုတ်လုပ် ထားရှိသော 6v,8v,12v အင်ဂျင်များကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ အမြန်ဆုံး ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ မြန်မာ့မီးရထားသို့ ရောင်းချထားသော အင်ဂျင်(၉)လုံးအား လိုအပ်သည်များကို အမြန်ဆုံး စစ်ဆေးပြုပြင်ပေးရန်၊ သင်တန်းကျောင်းအနေဖြင့် သင်တန်သားများအား အမှန်တကယ် ကျွမ်းကျင် တတ်မြောက်အောင် လေ့ကျင့်သင်ကြား ပေးရန်နှင့် ပိုမိုလက်ခံ သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဘာသာရပ်တစ်ခုစီတွင် သင်တန်းသား(၃၀)စီ လက်ခံသင်ကြား ပေးနေရာမှ(၅၀)အထိ တိုးချဲ့သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်တန်းသားများအား Certificate ပေးနေရာမှ Diploma လက်မှတ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်မှာကြားရာ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က Certificate မှ Diploma လက်မှတ်တိုးမြှင့်ချီးမြှင့်ပေးနိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုတို့ကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

                       

သတင်းစဉ်