ခြူးစန္ဒီနွေး
အမေရိကန်က ကမကထပြုလုပ်ပြီး ဆောင်ရွက်ပေးခဲ့တာကြောင့် အစ္စရေးနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့အကြား ငြိမ်းချမ်းရေး သဘောတူညီမှုရရှိသွားပြီး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ပါတော့မယ်။
ဒေါသထွက်စရာအဖြစ်ကျန်ရှိ
ဒါဟာ အစ္စရေးနဲ့ အာရပ်တွေကြားမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့အခြေအနေကို ကျော်လွှားနိုင်လိုက်တာပါပဲ။ ဒါပေမယ့် ပါလက်စတိုင်းတွေအတွက်တော့ အစ္စရေးနဲ့ ယူအေအီးတို့အကြား အဆင်ပြေသွားမှုဟာ ဒေါသထွက်စရာအဖြစ် ကျန်ရှိနေပါတယ်။ ဒီငြိမ်းချမ်း ရေးသဘောတူညီမှုဟာ အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင် ဘာမှမထူးခြားပေမယ့် အမေရိကန်သမ္မတထရမ့် အစိုးရအဖွဲ့အတွက်တော့ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတစ်ရပ်ပါပဲ။ ဩဂုတ် ၁၃ ရက်မှာတော့ အမေရိကန်သံတမန်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီမှုမှာ အောင်အောင်မြင်မြင်စွမ်းဆောင် နိုင်ခဲ့တယ်လို့ သမ္မတထရမ့်က ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီမှုကတော့ ရှင်းလင်းပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်း နယ်မြေတွေ တစ်ဖက်သတ်သိမ်းယူခြင်း အစီအစဉ်ကို ရွှေ့ဆိုင်းထားမှာဖြစ်ပြီး အဲဒီအတွက် ယူအေအီးနိုင်ငံက ပုံမှန်ဆက်ဆံရေးတွေ ပြန်လည် လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။
နွေးထွေးတဲ့ဆက်ဆံရေးကို ပြသ
အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနဲ့ အစ္စရေး ထက်ဝက်နီးပါးကျော်က ပါလက်စတိုင်းနယ်မြေတွေမှာ ကျူးကျော်တဲ့ အစီအစဉ်ကို လက်မခံတဲ့နောက် အစ္စရေးဝန်ကြီးချုပ်က နယ်မြေကျူးကျော်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီးသားပါ။ ယူအေအီး နိုင်ငံဘက်က ကြည့်မယ်ဆိုရင်လည်း အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးတွေ ပြုလုပ်ခြင်းအားဖြင့် ပါလက်စတိုင်းတွေကို ပေးထားတဲ့ ကတိချိုးဖောက်ပြီးသလို ဖြစ်နေပါပြီ။ မကြာသေးခင်ကပဲ ပါလက်စတိုင်းတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယူအေအီးလေယာဉ်တွေဟာ အစ္စရေးလေဆိပ်တွေမှာ တိုက်ရိုက်ပျံသန်းခွင့် ရခဲ့ပါတယ်။ နောက်ပြီး အစ္စရေးနဲ့ ယူအေအီးက အားကစားသမားတွေဟာ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲတွေမှာ အတူတကွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နွေးထွေးတဲ့ ဆက်ဆံရေးကို ပြသခဲ့ကြပါတယ်။ ။
၂၀၀၂ ခုနှစ်က ပြုလုပ်ခဲ့သောညီလာခံ
အာရပ်အသင်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ယူအေအီးဟာ ၂၀၀၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အာရပ်ငြိမ်းချမ်းရေးလှုပ်ရှားမှု ညီလာခံမှာ ၁၉၆၇ ခုနှစ်က အစ္စရေးတို့ အာရပ်နယ်မြေတွေ သိမ်းပိုက်မှုကို အဆုံးသတ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ အဲဒီညီလာခံကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာကျင်းပခဲ့ပြီး ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား ပဋိပက္ခကို ဖြေရှင်းပေးရေးလှုပ်ရှားတဲ့ အရွေ့တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတုန်းက ဆုံးဖြတ်ခဲ့တာက အာရပ်နဲ့ ပါလက်စတိုင်းတို့ဆီကနေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေက အစ္စရေးနောက်ဆုတ်ပေးမှသာ အစ္စရေး၊ အာရပ်နဲ့ အစ္စလာမ္မစ် နိုင်ငံတွေအကြား ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်မယ်လို့ သဘောတူခဲ့ကြပါတယ်။
အခွင့်အရေးအဖြစ် မျှော်လင့်ထား
အမေရိကန်ပြည်ထောင်စုအပါအဝင် ပါလက်စတိုင်း နဲ့ ကမ္ဘာ့နိုင်ငံအများအပြားဟာ ၁၉၆၇ ခုနှစ် အစ္စရေး တို့သိမ်းယူခဲ့တဲ့ နယ်မြေတွေကို သိမ်းပိုက်ခံရတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုတွေမှာ ဒီအချက်ဟာ ပြောစရာဖြစ်နေပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အခါမှာတော့ ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ အစ္စရေးတို့ လုပ်သမျှကို လျစ်လျူရှုကာ ပါလက်စတိုင်းတွေကို ငြိမ်းချမ်း ရေးဆွေးနွေးပွဲဆီ ခေါ်ဆောင်လာနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုအချိန်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ အကျင့်ပျက်ခြစားမှုအတွက် အမှုရင်ဆိုင်နေရပြီး Blue and White ပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ထားရပါတယ်။ ဒီလိုအချိန်မျိုးမှာ ယူအေအီးနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ပြီး သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်မယ် ဆိုရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲဖြစ်လာခဲ့ရင် အရေးသာဖို့ အခွင့်အရေးဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
အမေရိကန်သမ္မတထရမ့်အနေနဲ့လည်း ရွေးကောက်ပွဲ အကြိုစစ်တမ်းကောက်ယူမှုတွေမှာ အရေးမသာ ဖြစ်နေတဲ့ အချိန် ဇီယွန်းနစ် လိုလားသူတွေဆီကနေ ထောက်ခံမှုကို ပိုမိုမျှော်လင့်နိုင်ပါတယ်။ မဲဆွယ်လှုပ်ရှားမှုအတွက် ရန်ပုံငွေကိုလည်း နေတန်ယာဟုကို လိုလားတဲ့ဘီလျံနာကြီးတွေဆီက မျှော်လင့်လို့ရပါတယ်။ ။
သံတမန်ရေးရာ အောင်မြင်မှုပြသဖို့လို
ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဇာယက် ဟာဆိုရင် ယူအေအီးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီးချုပ်လည်း ဖြစ်ပါတယ်။ သူဟာ လစ်ဗျားနဲ့ ယီမင်တို့မှာ နိုင်ငံရေးအရသာမက စစ်ရေးအရပါ အရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရေနံကြွယ်ဝပြီး ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့ နိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါဟာလည်း စီးပွားရေးကိုထိခိုက်စေတဲ့ အဓိက ပြဿနာတစ်ခုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အိမ်ရှေ့မင်းသားအနေနဲ့ အခြေခိုင်ဖို့ဆိုရင် သံတမန်ရေးရာအရ အောင်မြင်မှုကိုပြသဖို့ လိုအပ်လာပါတယ်။ အမေရိကန် သမ္မတ၊ အစ္စရေးဝန်ကြီးချုပ်နဲ့ ယူအေအီးအိမ်ရှေ့ မင်းသားတို့ ပူးတွဲထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိပြီလို့ ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံ တိုက်ရိုက်ဆက်ဆံရေးကို အခြေခံပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိတာပဲဖြစ်တယ်လို့ ကြေညာခဲ့ကြပါတယ်။
ပါလက်စတိုင်းသမ္မတ၏အမြင်
ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ကတော့ ဒီသဘောတူညီမှုကို လက်မခံနိုင်ပါဘူး။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ကို အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ အစ္စရေးနဲ့ ယူအေအီးတို့အကြား သဘောတူညီမှုဟာ ပါလက်စတိုင်း ပြည်သူတွေအပေါ် ကျူးကျော်ရန်စမှုဖြစ်ပြီး ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးနဲ့ မြင့်မြတ်တဲ့နေရာတွေကို စွန့်လွှတ်လိုက်ရတာပဲ ဖြစ်တယ်လို့ ပါလက်စတိုင်းသမ္မတက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လမ်းစတစ်ခု
အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု လုပ်ဆောင်တဲ့နည်းလမ်းကသာလျှင် အစ္စရေးတို့ရဲ့ နယ်မြေ ကျူးကျော်မှုကို ရပ်ဆိုင်းအောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ ယူအေအီးနိုင်ငံဘက်က မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဒီသဘောတူညီမှုဟာ ပါလက်စတိုင်းတို့ရဲ့ အမှီအခိုကင်းတဲ့ နိုင်ငံတည်ဆောက်ရေးအတွက် အခွင့်အရေးတွေကို လျော့ပါးသွားစေတယ်လို့ ပါလက်စတိုင်းတို့ဘက်က ပြောပါတယ်။ အစ္စရေးနဲ့ ယူအေအီးတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပြုလုပ်မှုကနေ တခြားသော အာရပ်နိုင်ငံတွေနဲ့လည်း စီးပွားရေးအရ ဆက်ဆံရေးတွေ တရားဝင်ပြုလုပ်လာနိုင်ဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။
တခြားသောအာရပ်နိုင်ငံများနှင့်ဆက်ဆံရေး
အိုမန်၊ ဘာရိန်းအပါအဝင် တချို့သော အာရပ်နိုင်ငံတွေနဲ့ လျှို့ဝှက်ဆက်ဆံရေးရှိပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ထပ်ခါထပ်ခါ ပြောခဲ့ဖူးပါတယ်။ အခု ယူအေအီးနဲ့ တရားဝင်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ပြီဖြစ်တာကြောင့် တခြားသော အာရပ်နိုင်ငံတွေနဲ့လည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာဖွယ်ရာရှိပါတယ်။ ။
အမေရိကန်သမ္မတထရမ့်ရဲ့ အကြံပေးလည်းဖြစ် သမက်လည်းဖြစ်တဲ့ ဂျားကက်ရှ်နာကတော့ ယူအေအီး နဲ့ အစ္စရေးတို့အကြား သဘောတူညီမှုဟာ သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပြီး တခြားသော အာရပ်တိုင်းပြည်တွေလည်း ယူအေအီးလို လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ။
ကိုးကား- ဝါရှင်တန်ပို့စ် ၊ ဆင်ဟွာ