ဂန့်ဂေါ ၁၆ ဩဂုတ်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့ View Point သို့ ရောက်ရှိပြီး ဟားခါးမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် လေအွမ်(ခ) ကျေးရွာသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် Brick Mountain Industrial Company Limited မှ ဘူမိဗေဒပညာရှင် ဦးသိန်းဆင့်က ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံးဒေသ Lungrang Klang တောင်ထုံး ကျောက်တူးဖော်ထုတ်လုပ်ရေးနှင့် ဘိလပ်မြေစက်ရုံ (တန် - ၅၀၀၀) တည်ဆောက်နိုင်ရေး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး MICEG (Chin Chapter) မှ ဦးငွန်ဆန်းအောင်က ရီဗားချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက နိုင်ငံ၏ ဘိလပ်မြေလိုအပ်ချက်ကို နိုင်ငံခြားငွေ သုံးစွဲ၍ပြည်ပမှ ဝယ်ယူတင်သွင်းနေရပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပိုမိုလုပ်ဆောင်လာကြမည် ဖြစ်သည့်အတွက် နိုင်ငံ၏ ဘိလပ်မြေလိုအပ်ချက်သည် ပိုမိုမြင့်မားလာမည် ဖြစ်ပါကြောင်း၊ ယခု ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်နေရာသည် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ဆုံရပ်တွင်တည်ရှိသဖြင့် ယင်းဒေသများအတွက် ဘိလပ်မြေ အသုံးပြုနိုင်ရန် သယ်ယူပို့ဆောင်စရိတ် ကုန်ကျမှုသက်သာခြင်း၊ သက်သာသည့် ငွေကြေးဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်းစသည့် တိုက်ရိုက်အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါကြောင်း။
ဘိလပ်မြေစက်ရုံအား ပထမအဆင့် တန် - ၅၀၀၀ ကျ တည်ဆောက်မည်ဖြစ်ပြီး ဒုတိယအဆင့် ( တန် - ၅၀၀၀) ကျ ဆက်လက်တည်ဆောက်ပြီးပါက နေ့စဉ်(တန်- ၁၀၀၀၀) ထုတ်လုပ်နိုင်မည် ဖြစ်သည့်အတွက် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ နိုင်ငံခြားငွေ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုကုန်ကြမ်းများ အနီးအနားတွင် အလွယ်တကူရရှိနိုင်ပြီး ဒေသဖွံဖြိုးရေးကို များစွာအထောက်အကူပြုနိုင်မည့် ဘိလပ်မြေစက်ရုံ အလျင်အမြန် အကောင်အထည်ဖော် တည်ဆောက်သွားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူ ဒေါ်ထောင်ပဲင်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာရဲမြင့်ဆွေနှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဘုံဇုံးကျေးရွာခန်းမ၌ ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံရာ ကျေးရွာတာဝန်ရှိသူတစ်ဦးက သစ်တောကြိုးပြင် ကာကွယ်တောရှိ လယ်ယာမြေများအား ပုံစံ (၇) ရရှိရေးအတွက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရေး၊ ဇဟော ချောင်းကူးတံတား တည်ဆောက်ပေးနိုင်ရေး၊ ပလက်၀ဒေသမှ ရောက်ရှိလာသည့် ခမီးလူမျိုး တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် ဟားခါး - ဂန့်ဂေါလမ်းတွင် တိုက်နယ်ဆေးရုံ တစ်ရုံတည်ဆောက်ပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးပေါင်လွန်မင်းထန်နှင့် ဦးရွှေထီးအိုးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက တောင်သူများချေးငွေ ရရှိရေး ဆောင်ရွက်ရာတွင် အရေးပါသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ပေးနိုင်ရေးကို အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးလိုသော်လည်း ဘဏ္ဍာရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေး အစီအစဉ်များအလိုက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ အခက်အခဲဟူသမျှကို ကျော်လွှားသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်