၁၇  ဩဂုတ်

အီရန်အပေါ် လက်နက်ကုန်သွယ်ခွင့်ပိတ်ပင်ထားမှုကို အချိန်ထပ်တိုးဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပယ်ချလိုက် ပြီဖြစ်တယ်လို့သိရပါတယ်။ သို့သော်လည်းပဲ သမ္မတထရမ့် အစိုးရအဖွဲ့အတွက်ကတော့ လက်နက်ကုန်သွယ်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ မဲခွဲဆုံးဖြတ်မှုဟာ အီရန်ကို အကြီးအကျယ်ထိခိုက်ခံစားရစေဖို့ ကြိုးစား ရေးအတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်တဲ့ မဲခွဲဆုံးဖြတ်မှုတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

သီးခြားဆန်နေတဲ့ အမေရိကန်

ဩဂုတ် ၁၄ ရက်က အီရန်အပေါ်လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို အချိန်ထပ်တိုးဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ငြင်းဆန်လိုက်တဲ့အတွက်ကြောင့် အမေရိကန်ဟာ ရှက်ရွံ့ဖွယ် သံတမန်ရေးရာ ရှုံးနိမ့်မှုတစ်ခုကို ခံစားခဲ့ရပါတယ်။ အဲဒီနေ့က ရင်ဆိုင်ခဲ့ရတဲ့ ရှုံးနိမ့်မှုက အီရန်အရေးကိစ္စမှာ အမေရိကန်ဟာ တစ်ကမ္ဘာလုံးနဲ့ ကွဲထွက်ပြီး သီးခြားဆန်နေတယ်ဆိုတဲ့ အခြေအနေကို မီးမောင်းထိုး ပြလိုက်သလိုပါပဲ။

သို့သော်လည်းပဲ သမ္မတထရမ့်အတွက်ကတော့ အဲဒီနေ့က မဲခွဲဆုံးဖြတ်မှုဟာ လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် အီရန်အပေါ် ကြီးကြီးမားမားထိခိုက်အောင်လုပ်ဖို့ လမ်းပွင့်သွားနိုင် တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ပြန်အသက်သွင်းမယ်

လပေါင်းများစွာကြာအောင် ထရမ့်ရဲ့အစိုးရအဖွဲ့ အာဏာပိုင်တွေက သတိပေးခဲ့ဖူးတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒီအချက်ကတော့ အကယ်၍ လက်နက်ကုန်သွယ်ခွင့်ပိတ်ပင်မှုကို အချိန်ထပ်တိုးဖို့ ကုလသမဂ္ဂအတွင်း မဲခွဲဆုံးဖြတ်ရာမှာ မအောင်မြင်ခဲ့ဘူးဆိုရင် အမေရိကန်အနေနဲ့ ဖယ်ရှားခဲ့ သမျှ အရေးယူပိတ်ဆို့မှုတွေအားလုံးကို အီရန်အပေါ် ပြန်လည်ချမှတ်ပြီး အီရန်ရဲ့ စည်းကမ်းချိုးဖောက်မှုမှန်သမျှကို အပြစ်ပေးအရေးယူဖို့ရာအတွက် သမ္မတ အိုဘားမားလက်ထက် နျူကလီးယားသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်ကို ပြန်လည်အသက်ဝင်အောင် ကြိုးပမ်းမှာဖြစ်တယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။

အီရန်အတွက် တုန်လှုပ်စရာ

အဲဒီပြဋ္ဌာန်းချက်ထဲမှာ လက်နက်ကုန်သွယ်မှုတွေကို ပိတ်ပင်ရုံသာမက ရေနံရောင်းချမှုတွေနဲ့ ငွေကြေးစုဆောင်းမှု သဘောတူညီချက်တွေကိုပါ ပိတ်ပင်တားမြစ်မှုတွေ ပါဝင်လာဖွယ်ရှိပါတယ်။ ကိုဗစ်-၁၉ကြောင့် စီးပွားရေး ထိခိုက်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အီရန်အတွက် အဲဒီပြဋ္ဌာန်းချက်ဟာ သွေးပျက်တုန်လှုပ်စရာ ဖြစ်လာနိုင်ပါတယ်။

ယခင်ပြဋ္ဌာန်းချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ အစိုးရအဖွဲ့က အမေရိကန်မဟာမိတ်တွေနဲ့လည်း သဘောထားကွဲလွဲမှုတွေဖြစ်နေပါတယ်။မဟာမိတ်တွေက အဲဒီပြဋ္ဌာန်းချက် ဟာ သံသယဖြစ်စရာကောင်းသလို ဒေသတွင်းတည်ငြိမ်မှုကိုလည်း ပျက်ပြားစေနိုင်တယ်လို့ ထောက်ပြပြီး ဒီကိစ္စကို အပြင်းအထန်ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။

အခွင့်အရေးရှိ

အီရန်ရဲ့ လက်နက်ကုန်သွယ်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့တဲ့ သြဂုတ် ၁၄ ရက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကယ်လီခရက်ဖ်က အမေရိကန်ပြည်ထောင်စုဟာ ယခင်ပြဋ္ဌာန်းချက်ကို ပြန်လည်စတင်ဖို့ ဘယ်လိုအခွင့်အရေးမျိုးမဆိုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့် ရက်တွေအတွင်း အီရန်အပေါ်လက်နက်ကုန်သွယ်ခွင့်ပိတ်ပင်မှုကို သက်တမ်းတိုးဖို့ အမေရိကန်က အဟန့်အတားမရှိ လုပ်ဆောင်တော့မယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေက အားပေးထောက်ခံမှုမပါဘဲ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေကိုလည်း ပြန်လည်ချမှတ်တော့မယ့် အခြေအနေကို တွေ့ရပါတယ်။

အမေရိကန်လက်လျှော့မည်မဟုတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုကတော့ အီရန်ရဲ့ လက်နက်ကုန်သွယ်ခွင့်ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ရှုတ်ချထားပြီး ဩဂုတ် ၁၄ ရက်ညနေပိုင်းကကိစ္စဟာ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ကိစ္စလို့ပြောကြားလိုက်ပါတယ်။ သမ္မတထရမ့်အစိုးရအဖွဲ့ဟာ အီရန်ရဲ့ လက်နက်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သောအခါမှ လက်လျှော့အရှုံးပေးသွားမှာ မဟုတ်ဘူး။ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ နိုင်ငံတချို့အပေါ် ခြိမ်းခြောက်နေတဲ့ လက်နက်ဝယ်ယူမှုကိုရောင်းချမှုကိုပါ အီရန်ကဘယ်သောအခါမှ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိတာသေချာအောင် ကျွန်ုပ်တို့က ဆက်လက်ကြိုးပမ်း သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောကြားခဲ့ပါတယ်။

အဓိကအကြောင်းအရာဖြစ်

ဩဂုတ် ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ မဲခွဲဆုံးဖြတ်မှုဟာ လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်မှု အချိန်ကာလနဲ့ပတ်သက်ပြီး လုပ်ဆောင်တာဖြစ်ပေမယ့် အဲဒီမဲခွဲ ဆုံးဖြတ်မှုဟာ လုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုနဲ့ အတိုက်အခံတွေအကြား အငြင်းပွားမှုဖြစ်စေတဲ့အဓိကအကြောင်းရင်းကတော့ နျူကလီးယား သဘောတူစာချုပ် ဖြစ်ပါတယ်။

၂၀၁၅ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားသဘောတူစာချုပ်အရ အီရန်အနေနဲ့ ၎င်းရဲ့ နျူကလီးယား အစီအစဉ်တွေကို ရပ်တန့်မယ်ဆိုရင် ၎င်းအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး စီးပွားရေးဆိုင်ရာ လွတ်မြောက်ခွင့်ပေးဖို့ဆိုပြီး ချုပ်ဆိုခဲ့တာပါ။ အဲဒီသဘောတူစာချုပ်ဟာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား လက်မှတ်ရေးထိုးခဲ့တဲ့ သံတမန်ရေးရာ အောင်မြင်ဖြစ်ထွန်းမှုတစ်ခု အနေနဲ့ဖြစ်ခဲ့ပြီး ဒီစာချုပ်ကို အမေရိကန်ရဲ့ အနီးကပ်ဆုံးမဟာမိတ်တွေအပါအဝင်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေသာမက အင်အားအကြီးဆုံး ယှဉ်ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကပါ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

တင်းမာမှုတွေပေါက်ဖွားစေခဲ့

ဒေါ်နယ်ထရမ့် သမ္မတအဖြစ်နဲ့ တာဝန်ယူချိန်မှာ ၎င်းဟာ ယခင်သမ္မတ လက်ထက် နျူကလီးယား သဘောတူစာချုပ်ကိုပျက်ပြယ်စေဖို့ အလေးပေးခဲ့သလို ၎င်းအနေနဲ့ ဒီထက်ပိုကောင်းတဲ့ နျူကလီးယား သဘောတူစာချုပ် တစ်ခုဖြစ်မြောက်လာအောင် လုပ်နိုင်တယ်ဆိုပြီးတော့လည်း အခိုင်အမာပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သမ္မတထရမ့်က ၂၀၁၈ ခုနှစ်မှာ နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန်ကို ဖယ်ထုတ်လိုက်တဲ့အခါ သံတမန်ရေးမှာ မီးပွားတစ်ခုချလိုက်သလို စစ်မက်ဖြစ်ပွားမှုဆီကို ဦးတည်စေတဲ့ တင်းမာမှုတွေပေါက်ဖွားစေခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အီရန်ဟာ နျူကလီးယားသဘောတူစာချုပ်ပါ သဘောတူညီချက်ဖြစ်တဲ့ ယူရေနီယံ ကန့်သတ်ချက်ပမာဏကို ကျော်လွန်တဲ့ ယူရေနီယံသန့်စင်ထုတ်လုပ်မှုလုပ်ဆောင်ခဲ့တဲ့အပြင် အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို အမေရိကန်ကလည်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူးတစ်ဦးဖြစ်တဲ့ ကွာဆမ်ဆိုလန် မန်းနီကို တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။

သက်တမ်းကုန်ဆုံးတော့မှာဖြစ်

လက်နက်ကုန်သွယ်ခွင့်ပိတ်ပင်မှုဟာ အီရန်ကို လေယာဉ်တွေ၊ တင့်ကားတွေအပါအဝင် စစ်လက်နက်တွေ ဝယ်ယူခြင်း၊ ရောင်းချခြင်းတွေ မပြုလုပ်နိုင်အောင် တားမြစ်ထားတဲ့အမိန့်ဖြစ်ပြီး အဲဒီပိတ်ပင်မှုဟာ လာမယ့် အောက်တိုဘာလထဲမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ သမ္မတထရမ့်အစိုးရအဖွဲ့က အီရန်ရဲ့ လက်နက်ရောင်းဝယ်တဲ့ လှုပ်ရှားမှုတွေ ပြန်လည်စတင်လာမှာကို စိုးရိမ်နေရခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးအကြမ်းဖက်မှုကို စပွန်ဆာပေး နေတဲ့နိုင်ငံကို လက်နက်ရောင်းဝယ်ခွင့်မပေးနိုင်ဘူးလို့ အမေရိကန်ဘက်က အတိအလင်းဆိုထားပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား-နယူးယောက်တိုင်းမ်