ကျုံပျော် ၁၈ သြဂုတ်
ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်းမွန်ရန်၊ မွေးဖွားသည့်ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်လှုပ်ရှားမှုကို သြဂုတ် ၁၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဟာရပြည့်ဝသည့် အစားအစာများ စားသုံးတတ်ရန်နှင့် ဌာနကပေးသည့်ဆေးများကို ပုံမှန်သောက်သုံးရန်လိုကြောင်း၊ ကျန်းမာရေးအသိရှိပြီး လိုက်နာကျင့်ကြံရန်လိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင်လည်း ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် လူစုလူဝေးရှောင်ရှားရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် စနစ်တကျ လက်ဆေးရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ ကျန်းမာရေးဆရာမများက အစာအုပ်စု (၃) ခု ပါဝင်အောင်စားသုံးရေး၊ ကလေးဉာဏ်ရည်ကောင်းရန် အိုင်အိုဒင်းဆားစားသုံးရေးတို့ကို အသေးစိတ်ပြောကြားပြီး ကြက်သားဆန်ပြုတ် အာဟာရကို တိုက်ကျွေးခဲ့သည်။
အဆိုပါ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင် မိခင်များအတွက် အားဆေး၊ ဗီတာမင် B1 ၊ သံဓါတ်အားဆေး၊ အိုင်အိုဒင်းဆားများအပြင် လက်သန့်ဆေးရည်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုကို ကျန်းမာရေး ဝန်ထမ်းများက ဉီးဆောင်ကာ တစ်မြို့နယ်လုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)