နေပြည်တော် ၁၉ ဩဂုတ်

 

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီ က Video Conferencing ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (AMRDPE) အလှည့်ကျ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၂၅ ခုနှစ် အာဆီယံမျှော်မှန်းချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အောင်မြင်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အာဆီယံ အသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများကို အာဆီယံပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်သော ချဉ်းကပ်မှုနည်းလမ်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်  မိမိတို့၏  အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများတွင် အောင်မြင်မှုများစွာ ရရှိပြီးဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းလုံးတွင် လက်ရှိပျံ့နှံ့ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက် ရောဂါအကျိုးဆက်ကြောင့် မိမိတို့ အာဆီယံဒေသအနေဖြင့် မကြုံစဖူး စိန်ခေါ်မှုများစွာကို တွေ့ကြုံရင်ဆိုင်နေကြရပါကြောင်း။

 

ကိုဗစ်-၁၉  ကူးစက်ရောဂါ၏  ဆိုးရွားသော အကျိုးသက်ရောက်မှုများကြောင့် မိမိတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း မိမိတို့ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်များတွင်လည်း နှောင့်နှေးကြန့်ကြာမှုများရှိလာပြီး ဆင်းရဲနွမ်းပါးသော ပြည်သူများအနေဖြင့်လည်း ထိခိုက်နစ်နာမှုများအား ပိုမိုရင်ဆိုင်ရမည့် အခြေအနေများ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ယင်း ကူးစက်ရောဂါ အကျိုးဆက်များအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်ဆုံးရှုံးမှုများအား လျှော့ချနိုင်ရန်အတွက် မိမိတို့အနေဖြင့် ပေါင်းစည်းညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံစိတ်ဓါတ် (ASEAN Spirit of Cohesiveness and  Responsiveness)ကို လက်ကိုင်ပြု၍ ခိုင်မာသောသံန္နိဋ္ဌာန်၊ကတိကဝတ်များဖြင့် အားလုံးပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato’ Lim Jock Hoi (မစ္စတာ ဒါတိုလင်မ် ဂျော့ခ်ဟွိုင်) က ကိုဗစ်-၁၉ ကုစားရေးစီမံချက်တွင် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ နှင့် (ASEAN Comprehensive Recovery Framework တွင် ထည့်သွင်းသင့်သည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် အာဆီယံနိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများအတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး နယ်ပယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်များအား တုံ့ပြန်နိုင်ရန်အတွက် အဆိုပါ မူဝါဒလမ်းညွှန်ချက်များ၊ မဟာဗျူဟာမြောက် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ မိမိတို့၏ သဘောထားအမြင်များအား ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ယနေ့အစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မိမိတို့အာဆီယံ ဒေသအတွင်း အားလုံးရင်ဆိုင်တွေ့ကြုံနေရသည့် တူညီသော ထိခိုက်နစ်နာမှုများအား ထောက်ရှုလျက် မိမိတို့အနေဖြင့် ကူးစက်ရောဂါကို အချိန်နှင့်တပြေးညီ ထိရောက်စွာ တုံ့ပြန်ဖြေရှင်းရာတွင် ပေါင်းစည်းညီညွှတ်သော၊ ကဏ္ဍပေါင်းစုံ၊ သက်ဆိုင်သူပေါင်းစုံပါဝင်သော ချဉ်းကပ်မှု နည်းလမ်း (Coherent, Multi-sectoral, Multi-stakeholder approach) အား ကျင့်သုံးဆောင်ရွက်ရေးသည် အလွန်အရေးကြီးပါကြောင်း။

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်အား ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် စတင်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံချက်ဟာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်ခြင်းမရှိစေဘဲ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအားလုံးအပေါ် ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်များကို လျော့ပါးသက်သာစေရေးအတွက် ဟန်ချက်ညီညီ ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကပ်ရောဂါတုံ့ပြန်နိုင်ရန်အတွက် မိမိတို့နိုင်ငံကဲ့သို့ မဟာဗျူဟာ မြောက်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိနေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ဒေသအတွင်း ကပ်ရောဂါအား ရင်ဆိုင်တွေ့ကြုံနေရသည့် တစ်ချိန်တည်းမှာပင်  နောင် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အလားတူဘေးအန္တရယ်များကို မိမိတို့ပြည်သူ လူထု၏ တုံပြန်နိုင်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ရေးသည်လည်း မိမိတို့လက်ရှိ ဆောင်ရွက်လျက်ရှိသည့် တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်သော၊ ရေရှည်တည့်တံသော၊ အားလုံးပါဝင်နိုင်သော အာဆီယံ လူမှုအသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် အရေးပါသောအခန်းကဏ္ဍ မှပါဝင် လျက်ရှိနေသည်ကို မိမိတို့အနေဖြင့် နားလည်သိရှိထားပြီးဖြစ်ကြောင်း၊ အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သည့် အလားတူ ဘေးအန္တရယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အထူးသဖြင့် ထိခိုက်နစ်နာလွယ်သည့် အုပ်စုများမှ ပြည်သူများအား ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားသော တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်သည့် လူထုတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့မှသာလျှင် မိမိတို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးနယ်တွင် မမျှော်မှန်းနိုင်သည့်ဘေးအန္တရာယ်ဖြစ်ပေါ်မှု ဆိုးကျိုးသက်ရောက်မှုများအား လျော့နည်းစေနိုင်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အာဆီယံနိုင်ငံအသီးသီးမှ ဝန်ကြီးများရဲ့ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ချက်များအား မိမိအနေဖြင့် ကြိုဆိုအသိအမှတ်ပြုပါကြောင်း၊ မမျှော်မှန်းနိုင်သည့်အနာဂတ် ဘေးအန္တရာယ်များအတွက် အာဆီယံဒေသ၏ ကြိုတင်ပြင်ဆင်မှုနှင့် စွမ်းဆောင်ရည်များကို ဆက်လက် မြှင့်တင်နိုင်ရန် အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြင်ပမိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာအဆင့် ဒေသတွင်းအဆင့် အသီးသီးတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ကပ်ရောဂါ စိန်ခေါ်မှုများနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနိုင်ငံများ အားလုံးနှင့်အတူ ဆက်လက်၍ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များက နိုင်ငံအလိုက် ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

ယနေ့ကျင်းပပြုလုပ်သည့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်