နေပြည်တော် ၂၀ ဇန်နဝါရီ
နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိ မဟာပရဟိတဂေဟာ စမတောင်တော်ရှိ အလက(ခွဲ) စမတောင်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းကကျင်းပရာ မဟာပရဟိတဂေဟာ စမတောင်မှ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဦးဉာဏိန္တ၊ ဦးရေဝတနှင့် ဦးဝံသသီရိ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသူနှင့် ဦးဆန်းနိုင်၊ နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ လယ်ဝေးမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ထူးချွန်ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ၊ နေပြည်တော်တိုင်း သံလုံးပစ်ပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ၊ အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုများအသီးသီးရရှိခဲ့ကြသော ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ကျောင်းအုပ်ဆရာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ အလှူရှင်မိသားစုနှင့် တာဝန်ရှိသူများက ဆုပစ္စည်းနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးကြသည်။
ယင်းနောက် မဟာပရဟိတဂေဟာ စမတောင်ရှိ တိုင်းရင်းသားပေါင်းစုံတို့မှ တိုင်းရင်းသားအက၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရွှေကုက္ကို