မကွေး ၂၀ ဇန်နဝါရီ
မကွေးမြို့၌ ဒေသခံ ပြည်သူများနှင့် ဝန်ထမ်းများစုပေါင်း၍ ဒေသအကျိုးပြု သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆားရွှေကင်းရပ်ကွက်၊ ကမ်းနားလမ်းနှင့် တရားရေးလမ်းဆုံရှိ ဧရာဝတီမြစ်ဘက်ခြမ်း ကမ်းနားလမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့သည်။

“ဧရာဝတီမြစ်ကမ်းဘေး လမ်းတစ်လျှောက်မှာက စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေရှိသလို၊ ခြုံနွယ်ပိတ်ပေါင်း ထူထပ်ပြီး ဒုစရိုက်သမား ခိုအောင်းနိုင်တဲ့ နေရာတွေ ရှိနေပါတယ်။ အရင်က ဝိုင်းဖွဲ့အရက်သောက်တာတွေလည်း ရှိခဲ့တယ်။ ဒီလိုမျိုး မကြာခဏ ဆောင်ရွက်ပေးရင် ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေအတွက် လုံခြုံတဲ့ စိတ်အခြေအနေတစ်ခု ရနိုင်မယ် ထင်ပါတယ်၊ လမ်းမီးတွေလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု မကွေးဒေသခံတစ်ဦးက ပြောသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်း၌ ကမ်းနားလမ်းနှင့် တရားရေးလမ်းဆုံရှိ ဧရာဝတီမြစ်ကမ်းဘက်ခြမ်းမှ ခြုံနွယ်ပိတ်ပေါင်းများ၊ အမြင်မတင့်တယ်သည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ကမ်းနားလမ်း သန့်ရှင်း သာယာလှပရေးနှင့် အမှောင်ထု အကာအကွယ်ယူ၍ ပြစ်မှုကျူးလွန်မှု မရှိစေရးတို့အတွက် အထောက်အပံ့တစ်ရပ်ဖြစ်နိုင်ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ စုပောင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်နှင့် ဝန်ထမ်းများ၊ ဆားရွှေကင်းရပ်ကွက်နေ ပြည်သူများ၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်နှင့် မကွေးမြို့ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ နယ်မြေများမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းအင်အား ၂၀ဝ ဦးခန့် ပါဝင်ခဲ့ကြသည်။
ဇေယျတု(မကွေး)