ခြူးစန္ဒီနွေး
ဘေရွတ်ဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြီးဖြစ်ကတည်းက လက်ဘနွန်နိုင်ငံမှာ ကိုဗစ် -၁၉ နဲ့ ပတ်သက်တဲ့ အချက်ပေးခေါင်းလောင်းတွေလည်း မြည်လာပါတယ်။ အစကတည်းကမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ဘနွန်နိုင်ငံမှာ ဆိပ်ကမ်းပေါက်ကွဲမှု သာမက ကိုဗစ် -၁၉ ကူးစက်မှု အန္တရာယ်ကပါ ဖိစီး နှိပ်စက်ပြန်ပါတယ်။
တစ်ဖန် စိုးထိတ်ရပြန်
ဘေရွတ်ဆိပ်ကမ်းမှာ သိုလှောင်ထားတဲ့ အမိုနီယံ နိုက်ထရိတ်တန် ၂၇၀၀ ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက လက်ဘနွန်နိုင်ငံမှာကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ နှစ်ဆတိုးနေပါတယ်။ အဲဒီအတွက်ကြောင့် အစိုးရဟာ တစ်စိတ်တစ်ပိုင်း အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့ ပြည်သူတွေဟာ ကိုဗစ် -၁၉ ကူးစက်မှု မြင့်လာတဲ့အတွက်ကြောင့်လည်း တစ်ဖန် စိုးထိတ်ရပြန်ပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာရခြင်းဟာ ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုလို့ ပြောရင်မမှားပါဘူး။
စည်းကမ်းတွေ လျစ်လျူရှုထား
ဘေရွတ်ဆိပ်ကမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့နောက် အနီးအနားပတ်ဝန်းကျင်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ဒဏ်ရာရပြီး ကြောက်လန့်တကြားဖြစ်နေတဲ့ လူအုပ်ကြီးဟာ နှာခေါင်းစည်း တပ်ဆင်မထားဘဲ လမ်းမပေါ် စုပြုံတိုးဝှေ့ပြီး ထွက်လာကြတယ်။ လူအချင်းချင်း ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းကမ်းတွေကိုလည်း အဲဒီအချိန်မှာ ဘယ်သူမှ သတိမရနိုင်ကြတော့ပါဘူး။ ပေါက်ကွဲမှုအပြီး ရက်အတန်ကြာသည်အထိ ဘေရွတ် မှာ ကိုဗစ်- ၁၉ နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုထားရပါတယ်။
လူတွေပြည့်ကျပ်နေ
ဒဏ်ရာရသူတွေကလည်း ဆေးရုံတွေပေါ်မှာ ပြည့်နှက်နေတယ်။ တစ်ဖန် မိသားစု ဆွေမျိုးအပေါင်းအသင်းတွေကို ရှာဖွေဖို့ ဆေးရုံလိုက်လာကြသူတွေနဲ့ ဆေးရုံတွေမှာလည်း လူတွေစုပြုံနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လာကြတဲ့သူတွေဟာလည်း နေရာကျဉ်းကျဉ်းလေးထဲမှာပဲ စုပြုံနေကြပါတယ်။ အဲဒီလို အချက်တွေကြောင့် ကိုဗစ် - ၁၉ ကူးစက်မှုနှုန်းဟာ တိုးလာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားခဲ့ကြပါတယ်။ ခန့်မှန်းခြေအားဖြင့် လူဦးရေပေါင်း ၃၀၀၀၀၀ ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာကြောင့် မိသားစုဆွေမျိုးအသိုင်း အဝိုင်းတွေနဲ့အတူ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရပါတယ်။ ဒါကြောင့် ခိုလှုံရာနေရာတွေမှာလည်း လူတွေနဲ့ ပြည့်ကျပ်လာရတယ်။
ဆေးရုံတွေပျက်စီး
ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို ကြည့်မယ်ဆိုရင် ပေါက်ကွဲမှုကြောင့် ဆေးရုံသုံးရုံ ပျက်စီးသွားရပြီး အဲဒီထဲက တစ်ခုကတော့ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံလည်းပါသွားပါတယ်။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ ထပ်တိုးလာတဲ့ လူနာတွေအတွက် ဝန်နှင့်အား မမျှအောင် ဖြစ်လာရပါတော့တယ်။
နာမည်ကောင်းရဖူး
ဒါပေမယ့်လည်း လက်ဘနွန်နိုင်ငံဟာ ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအပိုင်းမှာ နာမည်ကောင်းတွေ ရခဲ့ဖူးပါတယ်လို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ကပ်ရောဂါ၊ စတင်ဖြစ်ပွားစဉ် အစောပိုင်းကာလတွေမှာ ရောဂါထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတောင် ချီးကျူးစကားဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကူးစက်မှု အရေအတွက်ကတော့ ဆက်လက်တိုးနေဆဲပါပဲ။ အခု ပေါက်ကွဲမှုဖြစ်မှ ရောဂါကူးစက်ခံရသူတွေ တိုးလာတာဆိုပြီး ပြောရင်တော့ အပြည့်အဝ မမှန်နိုင်ပါဘူး။ ပေါက်ကွဲမှုအပေါ် တစ်စိတ်တစ်ပိုင်း အပြစ်ပုံချလို့ရပေမယ့် အဲဒီမတိုင်ခင်ကတည်းက ရောဂါကူးစက်မှုတွေ တိုးနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်တယ် လို့ ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ဆောင်နေတဲ့ ရာဖစ်ဟာရီရီ တက္ကသိုလ်ဆေးရုံက စီမံခန့်ခွဲသူ ဖာရက် အဗ္ဗဒီက ပြောပါတယ်။
သတိထားမှုတွေ လျော့ရဲလာ
ကိုဗစ် - ၁၉ လူနာတွေဟာ မကြာခင် တိုင်းပြည်ရဲ့ ဆေးရုံတွေမှာ ပြည့်နှက်ကုန်မယ်လို့ သူက အစောကြီးကတည်းက ခန့်မှန်းထားပါတယ်။ နှစ်လနီးပါးကြာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အောင်မြင်မှုအနည်းငယ်ရခဲ့ပြီး ကန့်သတ်မှုတွေဖြေလျှော့ ပေးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း လူတွေဟာ သတိထားမှုတွေ လျော့ရဲလာတယ်လို့ သူကဆက်ပြောပါတယ်။ ကမ်းခြေတွေ၊ အပန်းဖြေစခန်းတွေနဲ့ နိုက်ကလပ်တွေမှာ လူတွေစုပြုံနေတဲ့ပုံတွေလည်း လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့လာရတယ်။ ပိုပြီး သိသာထင်ရှားစေတဲ့ အချက်တွေကတော့ ခရီးသွားတွေဟာလည်း စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ကြတယ်။ အစိုးရကလည်း ဒါကို မတင်းကျပ်နိုင်ဘူး။
နမူနာယူဖို့လို
လေဆိပ်တွေမှာလည်း တင်းကျပ်တဲ့စည်းကမ်းတွေ သတ်မှတ်ဖို့လိုပြီး ပြည်ပက ဆိုက်ရောက်လာမယ့် လူတွေကိုလည်း ကိုဗစ် - ၁၉ ရှိ မရှိ ဆေးစစ်မှု မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ဆေးစစ်ချက် မရမီ ၄၈ နာရီ အတွင်း ဘယ်ကိုမှသွားခွင့်မပြုဘဲ သီးခြားခွဲထားမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ မင်္ဂလာဆောင်တွေ၊ အသုဘအခမ်း အနားတွေနဲ့ ကလပ်တွေတက်ကြရင်း ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှုတွေ နိုင်ငံတကာမှာ ဖြစ်နေတာကို နမူနာယူရမယ်လို့ ဖာရက်အဗ္ဗဒီက ဆက်ပြောပါတယ်။ တခြားသော တိုင်းပြည်တွေနဲ့ယှဉ်ရင် လက်ဘနွန်နိုင်ငံဟာ ရောဂါထိန်းချုပ်ရေးအတွက် လုပ်ဆောင်ဖို့ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ လူဦးရေတစ်သန်းမှာ ၁၇၀၀ ပဲ ကူးစက်မှု ရှိသေးပြီး အမေရိကန်ပြည်ထောင်စု မှာဆိုရင်တော့ တစ်သန်းမှာ ၁၇၀၀၀ ကူးစက်မှုရှိနေတယ်လို့ လက်ဘနွန်အစိုးရနဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကူးစက်မှုတွေ တိုးလာ
ဒါပေမယ့်လည်း မကြာသေးမီရက်ပိုင်းအတွင်း ကူးစက်မှုတွေ တိုးလာပြီး အရင်လတုန်းက နေ့စဉ် ကူးစက်မှုနှုန်းဟာ ၁ဝဝ ဝန်းကျင်ရှိရာကနေ အခုဆိုရင် တစ်နေ့မှာ ၆၀၀ ကျော်အထိ ကူးစက်မှုမြင့်တက်လာပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှု အခြေအနေဟာ ထိန်းချုပ်လို့ မနိုင်တော့တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ကူးစက်မှုနှုန်းဟာ ရုတ်တရက်ပဲ ခုန်တက်သွားတယ်လို့ ဘေရွတ်မြို့ အမေရိကန်တက္ကသိုလ် ကူးစက်ရောဂါဆိုင်ရာ တွဲဖက်ပါမောက္ခ ဂီနာမတက်ဇ်က ပြောပါတယ်။ အခု အသစ်ထုတ်ပြန်ထားတဲ့ တစ်စိတ်တစ်ပိုင်း အသွားအလာ ကန့်သတ်မှုတွေဟာ ရောဂါထိန်းချုပ်ရေးအတွက် လက်တွေ့မှာ အသုံးဝင်ပါ့မလား။
အခြေအနေ မဆိုးရွားသေး
အခုဆိုရင် အစိုးရဟာ စားသောက်ဆိုင်တွေ၊ ကော်ဖီ ဆိုင်တွေနဲ့ ဘားတွေကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ညနေ ၆ နာရီကနေ နံနက် ၆နာရီအထိ အပြင်မထွက်ရ အမိန့်လည်း ထုတ်ထားတယ်။ စည်းကမ်းတွေ ထုတ်ထားပေမယ့်လည်း လျော့တိလျော့ရဲပါပဲ။ လက်ဘနွန်နိုင်ငံရဲ့ ဆင်းရဲမှုနှုန်းဟာ မနှစ်က ၂၈ ရာခိုင် နှုန်းရှိရာကနေ အခုနှစ်မှာတော့ ၅၅ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ စီးပွားရေးရော ဘဏ္ဍာရေးပါ ပြိုလဲနေပြီး ပေါက်ကွဲမှုရဲ့ အကျိုးဆက်ကိုပါ ခံစားနေရတဲ့ နိုင်ငံအနေနဲ့ ရောဂါ ကူးစက်မှုနှုန်းမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင်တော့ အရေအတွက်အားဖြင့် အလွန်ကြီး မဆိုးရွားသေးဘူးလို့ ဘေရွတ်ဆေးရုံက ကူးစက်ရောဂါဌာနမှ အကြီးအကဲ ဖြစ်သူ ဆူဟာခန်းက ပြောပါတယ်။
သက်သာရာရစေမယ့်အကြောင်း
လူတွေဟာ စီးပွားရေးအရရော ဘဏ္ဍာရေးအရပါ ထိခိုက်ခံစားနေရတာပါ။ ဒီလိုအခြေအနေမျိုးမှာ ဆိုင် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းကို နှစ်ပတ်လောက် ပိတ်ခိုင်းလိုက်ရင်ကိုပဲ သူတို့အတွက် ဒါဟာ သက်ရောက်မှု တော်တော်လေးကြီးနေပြီလို့ သူက ဆက်ပြောပါတယ်။ လတ်တလောမှာ ကူးစက်မှုနှုန်း တိုးနေပေမယ့် ပေါက်ကွဲ မှုမတိုင်ခင်က အခြေအနေမျိုးအထိရောဂါ ကူးစက်မှုကို ပြန်လည် ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ အဘက်ဘက်က ထိခိုက်နေတဲ့ ပြည်သူတွေအတွက် အနည်းငယ်သက်သာ ရာရစေမယ့် အကြောင်းတစ်ခု ဖြစ်လာမှာပါ။ ။
ကိုးကား - ဝါရှင်တန်ပို့စ်