ရန်ကုန် ၂၀ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သံလျင်မြို့နယ်အတွင်း စပါးစိုက်တောင်သူများ နွေစပါးနှင့် ဆောင်းသီးနှံပဲအမျိုးမျိုး စိုက်ပျိုးနိုင်ရန်အတွက် ဘော့ချောင်း ရေငန်တားတာနှင့် ဆေးလုံးကြီးချောင်းစောက် ရေငန်တားတာ နှစ်ခုအတွင်း၌ ရေထိန်းတံခါးများမှတစ်ဆင့် မူလချောင်းမြောင်း တစ်လျှောက်တွင် သိုလှောင်ဖြည့်တင်းရေများ အချိန်မီပေးဝေလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းထားသည့် ရေထိန်းတံခါးများမှတစ်ဆင့် မူလချောင်းမြောင်း တစ်လျှောက်တွင် သိုလှောင်ဖြည့်တင်းရေများ ပေးဝေနိုင်ခဲ့မှုကြောင့် ၂၀၁၆-၂၀၁၇ နွေစပါးရာသီတွင် သန်လျင်မြို့နယ်၌ နွေစပါးဧက ၂၈၇၉ ဧကနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နွေစပါးဧက ၂၃၅၇ ဧက စိုက်ပျိုးနိုင်ခဲ့သည်။
ယခုနှစ်တွင် သန်လျင်မြို့နယ် ဘော့ချောင်းရေငန်တားတာနှင့် ဆေးလုံးကြီး ချောင်းစောက် ရေငန်တားတာ နှစ်ခုအတွင်း၌ ရေထိန်းတံခါးများမှတစ်ဆင့် မူလချောင်းမြောင်း တစ်လျှောက်တွင် သိုလှောင်ဖြည့်တင်းရေများဖြင့် နွေစပါးဧက ၃၅၀ဝ ခန့်ကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သည် ရေငန်ဝင်ရောက်ရာ မြစ်ဝကျွန်းပေါ် မြေနိမ့်လွင်ပြင်ဒေသဖြစ်သဖြင့် ရေချိုရရှိရန်ခက်ခဲသော ဒေသတစ်ခုဖြစ်သောကြောင့် မိုးစပါးအောင်ရေနှင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒေသအတွင်းရှိ မူလချောင်း/ မြောင်းများအတွင်း ချောင်းပိတ်/မြောင်းပိတ်စနစ်ဖြင့် ရေချိုသိုလှောင်ခြင်း၊ လိုအပ်သော ဖြည့်တင်းရေချိုများကို မြစ်ချောင်းများအတွင်း ရေငန်ဝင်ရောက်မှု မရှိခင်အချိန်ထိ ရေထိန်းတံခါးများမှ ရေပေးသွင်းခြင်းတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဌာနမှ သိရသည်။
သန်လျင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မူလချောင်းများအတွင်း မိုးရေချိုများကို ဘော့ချောင်းရေထိန်းတံခါး၊ ထော်သွန်ရေထိန်းတံခါး၊ ပုဂံတောင် ရေထိန်းတံခါး၊ ဆေးလုံးကြီးရေထိန်းတံခါးတို့ဖြင့် ကြိုတင်ပိတ်ထိန်းသိုလှောင်ပြီး စိုက်ပျိုးခြင်းဖြစ်ပြီး ထပ်မံလိုအပ်သောရေချိုများကို ပဲခူးမြစ်အတွင်း ရေငန်ထိုးဖောက်မှု မရှိခင်အချိန်ထိ ခရမ်းရေထိန်းတံခါး (၆ပေ×၁၆ပေ (၄၀)ပေါက်)၊ ဘော့ချောင်း ရေထိန်းတံခါး (၈ပေ×၈ပေ (၇)ပေါက်)နှင့် ထော်သွန်ရေထိန်းတံခါး (၄ပေအချင်း(၈) ပေါက်များမှ ပေးသွင်းပေးခြင်းဖြင့်လည်းကောင်း၊ ပဲခူးရိုးမပေါ်ရှိ ဆည်အစုအဖွဲ့များ၌ သိုလှောင်ထားသော ရေချိုများကို မိုင် ၃၀ စိမ်းလမ်းမြောင်းမကြီးမှတစ်ဆင့် ရယူပေးဝေခြင်းဖြင့်လည်းကောင်း ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသခံတောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်ရေအတွက် ပူပန်မှုမရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအရောက် လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)