ရန်ကုန် ၂၀ ဇန်နဝါရီ
ဝသဝတ္တီခြောက်ထပ် ဓမ္မဗိမာန်တော်ကြီး ကျောင်းလွှတ်ပူဇာအလှုတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက် ဇောတိကလမ်းရှိ အသောကသီတဂူကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာ မုဒိတာစကားကို ဖတ်ကြားလျှောက်ထားပြီး တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။
ဆက်လက်၍ ဝသဝတ္တီခြောက်ထပ် ဓမ္မဗိမာန်တော်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့်ဇနီး ဒေါ်ခင်သီတာ၊ ဒေါက်တာလှမျိုးနိုင်နှင့်ဇနီး ဒေါ်ယုယုတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
(သတင်းစဉ်)