၂၂ အောက်တိုဘာ

 

"ဖုန်းထဲမှာရင်းနှီးခဲ့တဲ့ ကောင်မလေး" နှင့် "အသက်ရှင်ရတာပျော်လား" (၄၅)မိနစ်စာ ဇာတ်လမ်းတို Red Scarf ဇာတ်ကား မိတ်ဆက်ပွဲနှင့် ကန်တော့ပွဲပေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်ဘုရားတွင် ပြုလုပ်ခဲ့သည်။

 

 

"ကျွန်တော်တို့ ဒီလိုဇာတ်လမ်းလေးတွေ ရိုက်ဖြစ်ရတဲ့ အကြောင်းကတော့ ဇာတ်ကားအရည်အသွေး တွေ နောက်ပိုင်းမှာ ကျဆင်းလာတယ်လို့ ခံစားရတာကြောင့်ရယ်၊ ပြီးတော့ ကိုစစ်ငြိမ်းဆီမှာကလည်း ဇာတ်လမ်းတိုလေးတွေ (၃၀)လောက်ရှိတယ်ဆိုတော့ သူ့နဲ့ကျွန်တော်တို့ သေချာတိုင်ပင်ပြီး ရိုက်ကြတာပါ၊  ကျွန်တော်တို့အနေနဲ့ ဇာတ်လမ်းတို ရိုက်ပြီးသွားရင်လည်း ဘာအခွေထုတ်မယ်၊ ပြီးရင် ပရိသတ်ကို ချပြသွားမယ်၊ ပညာပေးအနေနဲ့ရိုက်တဲ့ ဇာတ်လမ်းတိုလေးတွေဆိုလည်း မမှားပါဘူး" ဟု  ရောဘတ်ဝင်းက ပြောသည်။

 

 

အဆိုပါစစ်ငြိမ်း၏ဝတ္ထုကို ဇာတ်ညွှန်းစစ်ငြိမ်း၊ ရောဘတ်ဝင်းထိန်တို့က ပူးပေါင်းရေးသား၍ တွဲဖက် ဒါရိုက်တာစစ်ငြိမ်း၊ လူငယ်ဒါရိုက်တာ ရောဘတ်ဝင်းထိန်က ရိုက်ကူးကြမည်ဟု သိရှိရသည်။

 

 

လူငယ်ဒါရိုက်တာတို့၏ အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးဉာဏ်အသစ်တို့ဖြင့် ပူးပေါင်းရိုက်ကူး ပုံဖော်ကြမည့် ဇာတ်လမ်းတိုများတွင် သရုပ်ဆောင် အောင်မြင့်မြတ်၊ လဲ့ယမင်း၊ ကျော်ကိုကိုဝေ တို့ပါဝင်ပြီး ယင်းဇာတ်ကားကို အောက်တိုဘာ (၂၇) ရက်မှ စတင်ပြီး ရန်ကုန်မြို့နှင့် ကလောတို့တွင် သွားရောက်ရိုက်ကူးမည်ဟု သိရသည်။

 

ကိုလင်း