ရန်ကုန် ၂၂ အောက်တိုဘာ
``မိုး ´´ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ သားညီ ရိုက်ကူးထားသည့် ``အမုန်းတွေ ခေါက်ထားလိုက် ´´ ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည် ဖြစ်သည်။
ဒါရိုက်တာ သားညီက ``ဝတ္ထုထဲက အတိုင်းတော့ မဟုတ်ပါဘူး တချို့ အခန်းလေး တွေကိုဖြုတ်ပြီး ပိုကောင်းအောင် ရိုက်ထားပါတယ်။ ယောကျာ်းဘက်က ပါလာတဲ့ သားရယ်၊ မိန်းမဘက်က ပါလာတဲ့ ညီမရယ် တစ်အိမ်ထဲမှာ အတူတူနေကြတယ်။ မတည့်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပညာပေးကြတဲ့ ပေါ့ပေါ့ပါးပါးဖျော်ဖြေရေးကားလေးပါ´´ ဟု ပြောသည်။
အဆိုပါဇာတ်ကားတွင် နေတိုး၊ ရဲအောင်၊ မိုးဟေကို၊ မြတ်ကေသီအောင်၊ ကျော်ကျော်၊ ရဲလေး၊ သီဟဖြိုး၊ တက္ကသိုလ် ဂွမ်းပုံ၊ သဉ္ဇာမြင့်မိုရ်၊ ချစ်ကြေးမုံ၊ နှိုင်းယှဉ်မြင့်မိုရ်၊ ချက်ကြီး၊ ဖိုးသဲ၊ သူဇာပွင့် ၊ ညီဂျော်၊ အေးအေးအောင်၊ ဒေါင်းဝေ၊ ကိုဖြိုး၊ ဒီရဲဂျာနှင့် အခြားသော နုပညာရှင်များစွာ ပါဝင် ထားသည့် အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။
သရုပ်ဆောင် နေတိုး က``တစ်ယောက်နဲ့ တစ်ယောက် စရင်း နောက်ရင်းကနေဖြစ်ပေါ် လာတဲ့ ဆိုးကျိုးတွေ၊ ဖြစ်ပေါ်လာတဲ့အချစ်တွေကို တင်ပြထားတဲ့ ဇာတ်ကားလေးပါ။ သရုပ်ဆောင် မှုအပိုင်းမှာ လူငယ်ပုံစံသရုပ်ဆောင်မှုကို ဦးစားပေးထားပါတယ်။ နေရာတစ်နေရာတည်းမှာ ဦးတည်ပြီး ရိုက်ရတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ပရိတ်သတ်ကို တစ်ကားလုံးဆွဲခေါ်နိုင်ဖို့ တင်ဆက်မှုနဲ့ ချိတ်ဆက်မှုအပိုင်းတွေကို ဦးစားပေးပြီး ဒါရိုက်တာနဲ့ ညှိနှိုင်းရိုက်ကူးခဲ့ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတော်တော်များများကို သုံးကြိမ်ထက်မနည်း ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်ပြီးမှ ရိုက်ခဲ့ရပါတယ်။ အချိန်ယူပြီးရိုက်ကူးထားတာပါ´´ ဟုပြောသည်။
သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံ က ``ဒီကားထဲမှာ လူငယ်ပုံစံမျိုးထဲက အသက်နည်းနည်း ကြီးတဲ့ မိန်းမတစ်ဦးပုံစံမျိုး မျက်မှန်လေးနဲ့ သရုပ်ဆောင်ထားတယ်။ ဟာသပိ်ုင်းမှာဆိုရင်လည်း ဦးဆောင်ပြီး လုပ်တဲ့သဘောမျိုးပါ။ ဇာတ်ကားလေးရဲ့နာမည်အတိုင်းပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်း မေတ္တာတွေ မလာခင်မှာ အမုန်းတွေအရင်လာကြတယ်။ တစ်ဦးနဲ့တစ်ဦးရန်ဘက်တွေပေါ့။ နောက်ဆုံးမှာ အမုန်းတွေရပ်သွားပြီး အချစ်တွေရသွားတယ်ဆိုတဲ့ ပုံစံမျိုးလေးပါ။ ပရိတ်သတ်တွေအတွက် ရယ်မောပျော်ရွှင်ပြီး အပန်းတွေပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်´´ ဟုပြောသည်။
အဆိုပါဇာတ်ကားတွင် ဇာတ်တိုက်လေ့ကျင့်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အပြင် အချိန်ပေးပြီး ရိုက်ကူးခဲ့ရသော ဇာတ်ကားဖြစ်ကြောင်း၊ ဟာသဇာတ်ကားဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး အပေးအယူမျှတအောင် ကြိုးစားထားသည်ဟု သရုပ်ဆောင် မိုးဟေကို က ဆိုသည်။
သရုပ်ဆောင် ကျော်ကျော် က ``ဝီရ ဆိုတဲ့ဇာတ်ကောင်အနေနဲ့ပါဝင်ထားပါတယ်။ မမိုးဟေကို နဲ့ သူငယ်ချင်း၊ ကျွန်တော်က မမိုးကို တစ်ဖက်သတ် ကြိုက်နေရတဲ့သူအနေနဲ့ သရုပ်ဆောင် ထားပါတယ်။ ကျွန်တော့်အတွက် မမိုးဟေကိုနဲ့ အတူရိုက်တဲ့ တတိယမြောက်ဇာတ်ကားပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ရန်ကုန်မှာပဲ ရိုက်ကူးထားတာပါ။ ကိုနေတိုးရဲ့ အရင်တုန်းက ပုံစံမျိုးလေးတွေ တွေ့မြင်ရမယ့် အချစ်ဟာသဇာတ်ကားလေးပါ´´ဟုပြောသည်။
မျက်နှာချင်းဆိုင်လို့မရအောင် မတည့်ကြသူနှစ်ဦး တစ်အိမ်တည်းတွင် အတူနေကြရာတွင် အမုန်းတရားကိုအခြေခံပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ပညာပြသပုံများ၊ အနေနီးစပ်ရာမှ အမုန်းမှ အချစ်သို့ ပြောင်းလဲသွားပုံတို့ကို အခြေခံပြီး ချစ်သူဘဝ ပျော်ရွှင်ဖွယ်ရသများကို ဖော်ကြူးထားသည့် အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်