ရန်ကုန်    ၂၅    အောက်တိုဘာ 

 

ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ရွှေသုဝဏ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ၏ လောကဓမ္မအမွေ အနှစ်များကိုစုစည်းလျက် ဗုဒ္ဓစာပေအဖွဲ့ကကြီးကြပ်၍ စာရေးဆရာ ဒါရိုက်တာဦးသုခ၏ တပည့် ဇာတ်ညွှန်းဒါရိုက်တာမျိုးဟိန်း ရိုက်ကူးမည့် “ရဟန်း စောင့်ရှောက်ရသော ပိဋကတ်” ဗီဒီယိုဇာတ်ကား ကန်တော့ပွဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ရှိ အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

 

ရှေးဦးစွာ ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်မည့် အနုပညာရှင် အတတ်ပညာရှင် အသိပညာရှင်များကို ဖိတ်ခေါ်၍ အနန္တော အနန္တငါးပါးအမှူးထား၍ သာသနာပွဲဖြင့် ကန်တော့ကြသည်။

 

ထို့နောက် ဗုဒ္ဓစာပေအဖွဲ့ဝင် အတွင်းရေးမှူး ဦးညွန့်မောင်၊ ဇာတ်ညွှန်း ဒါရိုက်တာမျိုးဟိန်း၊ ဓမ္မဒါနထုတ်လုပ်သူအလှူရှင် သိရောမဏိ ကျောက်မျက်ရတနာ ကုမ္ပဏီနှင့် မဟာရွှေဇမ္ဗူကုမ္ပဏီ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးထွန်းထွန်းနှင့် ဝဏ္ဏကျော်ထင် Artist လှမြင့်ဆွေတို့က “ရဟန်းစောင့်ရှောက်ရသော ပိဋကတ်” ဗီဒီယိုဇာတ်ကား အောင်မြင်ဖြစ်တည်ရေး၊ ဇာတ်အိမ်၊ ဇာတ်ကား တည်ဆောက်ပုံ၊ ယင်းဇာတ်ကား ထူးခြားစွာထွက်ပေါ်လာခြင်းတို့နှင့်စပ်လျဉ်း၍ အသီးသီး ပြောကြားကြသည်။ 

 

ယင်းဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်မည့် အကယ်ဒမီ ချိုပြုံးက “ကျွန်မ ကမ္ဘာအရပ်ရပ်ကိုရောက်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေရဲ့သံရုံးတွေမှာ ရဟန်းမစားရသော ဆွမ်းတစ်နပ်ဇာတ်ကားကို သိမ်းထားတယ်၊ ဝမ်းသာ ဂုဏ်ယူရပါတယ်၊ ဒီ   “ရဟန်း စောင့်ရှောက်ရသော ပိဋကတ်” ဇာတ်ကားကိုလည်း နိုင်ငံတိုင်းမှာ နောင်လာ နောက်သားတွေကို ပြသနိုင်မယ့် သိမ်းထားရမယ့် ဗွီဒီယိုကားဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။ ရုပ်ရှင်ကားကြီးအဖြစ်လည်း ရိုက်နိုင်ပါစေလို့ဆုတောင်းပါတယ်” ဟုပြောသည်။

 

  “ရဟန်းစောင့်ရှောက်ရသော ပိဋကတ်” ဗီဒီယိုဇာတ်ကားကို ရွှေသုဝဏ် ဆရာတော်ဘုရားကြီးက ၁၉၅၆ ခုနှစ် ဆဋ္ဌသင်္ဂါယနာတင် ခဲစာလုံးပုံနှိပ် ပိဋကတ် သုံးပုံကို ကွန်ပျူတာစနစ်ဖြင့် သာသနာတော်အဓွန့်ရှည်ရေးအတွက် ငါးနှစ်ကျော်ကြာ ကြိုးစားအားထုတ်ခဲ့သည်ကို ပါရမီဖြည့်သောအနေဖြင့်  ရိုက်ကူးခြင်းဖြစ်ပြီး အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီဝါဝါအောင်နှင့် သရုပ်ဆောင်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ရီရီမြင့်