ဇီးကုန်း ၂၀  ဇန်နဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီကုန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မိခင်ဝိုင်းများအတွက် ထောက်ပံ့ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

 

ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ငွေများပေးအပ်ရာ ရွှေဆယ်ဝတီ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၃,၇၅၆,ဝ၀ဝ - သုံးဆယ့်ခုနှစ်သိန်း ငါးသောင်း ခြောက်ထောင်၊ နတ်တလင်းဘိုးဘွားရိပ်သာ အတွက် ထောက်ပံ့ငွေကျပ် ၃,၆၀၉,ဝ၀ဝ - သုံးဆယ့်ခြောက်သိန်းကိုးထောင်၊ ဇီးကုန်းဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၃,၁၆၈,ဝ၀ဝ - သုံးဆယ့်တစ်သိန်း ခြောက်သောင်းရှစ်ထောင်၊ မင်းကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၂၃,၇၉၉,ဝ၀ဝ- နှစ်ရာ သုံးဆယ့် ခုနှစ်သိန်း ကိုးသောင်းကိုးထောင်၊ သင်္ခရိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၁၁,၄၄၈,ဝ၀ဝ - တစ်ရာ တစ်ဆယ့်လေးသိန်း လေးသောင်း ရှစ်ထောင်၊ လက်ပံတန်းလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ထောက်ပံ့ငွေကျပ် ၄,ဝ၃၅,ဝ၀ဝ - လေးဆယ်သိန်း သုံးထောင့်ငါးရာ၊ မသန်စွမ်းသူ ၂၉၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈,၈၈၀,ဝ၀ဝ -ရှစ်ဆယ့် ရှစ်သိန်း ရှစ်သောင်း၊ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားဦးရေ ၅၅၀  အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေကျပ် ၁၆,၅၀ဝ,ဝ၀ဝ - တစ်ရာခြောက်ဆယ့်ငါးသိန်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ၃,၅၇၈,၁၀ဝ - သုံးဆယ့်ငါးသိန်း ခုနှစ်သောင်း ရှစ်ထောင့်တစ်ရာ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီမြို့သို့ရောက်ရှိပြီး သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး ဆောက်လုပ်နေမှု အခြေအနေကို သွားရောက်စစ်ဆေးခဲ့ပြီး အဆောက်အဦများ ပြီးစီးနိုင်ရေးတွင် ကြုံတွေ့နေရသော အခက်အခဲများကိုတင်ပြကြရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိုနှိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။ ယနေ့ထောက်ပံ့ငွေ စုစုပေါင်းမှာ ကျပ် ၇၈၇၇၃၁၀ဝ ခုနှစ်ရာ ရှစ်ဆယ် ခုနှစ်သိန်း ခုနှစ်သောင်း သုံးထောင့် တစ်ရာ ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)