နေပြည်တော် ၂၀ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဇန်နဝါရီ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဘူတာရုံတွင် တိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပုသိမ်ဘူတာရုံမှ RBE ရထားဖြင့် ပုသိမ်၊ ရေကြည်၊ ဟင်္သာတရထား လမ်းတစ်လျှောက်ရှိ ဘူတာရုံများ၊ ရထားလမ်းအခြေအနေတို့အား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် ဟင်္သာတမြို့တွင် ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတခရိုင် ဇလွန်မြို့၊ အိုးဖို-သဲကုန်းဆည် မြောင်းတာရှိ ကမ်းပါးအိကျမှုနှင့် ရေကြောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓနုဖြူမြို့၊ မရမ်းချောင်းကျေးရွာ ကမ်းထိန်း ဆောင်ရွက်နေမှုများကိုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဝင်းလှိုင်နှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးလှမိုးတို့မှ မရမ်းချောင်းကျေးရွာ ကမ်းပြိုကာကွယ် ရေးကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးရုံး အစည်းအဝေးခန်းမတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တွဲယာဉ်သစ်များ၊ ရေယာဉ်သစ်များတည်ဆောက်ခြင်း ရေယာဉ်များပြေးဆွဲနေမှုအခြေအနေနှင့် ခရီးလမ်းအခြေအနေရေယာဉ်များ ကျင်းတင်ပြုပြင်နိုင်မှု အခြေအနေရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဝန်ထမ်းများအား တွေ့ဆုံသည်။
ယင်းနောက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးရှိ ပြခန်းတွင် ခင်းကျင်းပြသထားသည့် ရှေ့မြန်မာမင်းများလက်ထက်တွင် အသုံးပြုခဲ့သောလှေဖောင်နှင့် ရေယာဉ်များ၊ ဧရာဝတီဖလို လိတာကုမ္ပဏီလီမိတက်မှ အသုံးပြုပြေးဆွဲခဲ့သောရေယာဉ်များ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအတွက် S Class ရေယာဉ်အစီး ၅၀ အားဂျပန်သင်္ဘော ကျင်းများတွင် တည်ဆောက်ခဲ့ သည့်ပုံများ၊ ခေတ်အဆက်ဆက် ဌာနတွင်းသင်္ဘောကျင်းများတွင် ရေယာဉ်သစ်များတည် ဆောက်ခဲ့မှုမှတ်တမ်းများ၊ ထူးခြားဖြစ်စဉ်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု မှတ်တမ်းများ၊ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)