လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Universe 2018 ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ကတ်ထရီအိုနာဂရေးက သရဖူကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့အထင်ကရ အလှမယ်ပြိုင်ပွဲကြီးမှာ သရဖူဆောင်းခွင့်ရခဲ့တဲ့ ချစ်သူအတွက် ဂုဏ်ယူမိကြောင်းစကားတွေကို အလှမယ်နဲ့ ခြောက်နှစ်ကြာ လက်တွဲလာခဲ့တဲ့ချစ်သူ ကလင့်ထ်ဘွန်းဒက်က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မှာပြုလုပ်ခဲ့တဲ့ ယခုနှစ်ရဲ့ မယ်စကြဝဠာပြိုင်ပွဲကြီးမှာ ဖိလစ်ပိုင်အလှမယ် ကတ်ထရီအိုနာဂရေးက သရဖူကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်အတွက် အမြင့်ဆုံးသောဆုကို ဆွတ်ခူးသွားခဲ့တဲ့ ကတ်ထရီအိုနာဂရေးအတွက် ကလင့်ထ်ဘွန်းဒက်က ဂုဏ်ယူကြောင်း ရေးသားဖော်ပြခဲ့ပြီး သူတို့နှစ်ဦးရဲ့ အတိတ်ကိုလည်း ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
ကတ်ထရီအိုနာဂရေးအနေနဲ့ သရဖူဆောင်းပြီးချိန်မှာပင် ချစ်သူဖြစ်တဲ့ ကလင့်ထ်ဘွန်းဒက်က သူတို့နှစ်ဦးတွေ့ဆုံခဲ့ချိန်မှစလို့ လက်ရှိအချိန်အထိ သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဖော်ပြချက်တွေအရ သူတို့နှစ်ဦးဟာ ကလေးအရွယ်ကတည်းက ဓာတ်လှေကားတစ်ခုအတွင်း စတင်တွေ့ဆုံခဲ့ကြတာဖြစ်ကြောင်း၊ စတင်တွေ့ဆုံစဉ်ကပင် ကတ်ထရီအိုနာဂရေးဟာ အခြားသူတွေနဲ့မတူတာကို သတိထားမိကြောင်း၊ သူ့ရဲ့ဘဝတစ်လျှောက်မှာလည်း ကတ်ထရီအိုနာဂရေးလောက် ထူးချွန်ထက်မြက်တဲ့အမျိုးသမီးမျိုး မကြုံတွေ့ခဲ့ရကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။
ဖိလစ်ပိုင်-ဂျာမန်လူမျိုး မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ကလင့်ထ်ဘွန်းဒက်ဟာ မယ်စကြဝဠာပြိုင်ပွဲကြီးရဲ့ နောက်ဆုံးနေ့မှာ ကတ်ထရီအိုနာဂရေး သရဖူဆောင်းခဲ့တဲ့ အခိုက်အတန့်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ သူတို့နှစ်ဦးချစ်သူတွေဖြစ်နေတာ ခြောက်နှစ်ခန့် ကြာခဲ့ပြီဖြစ်ကြောင်းကိုတော့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြချက်တွေအရ သိရပါတယ်။ ကလင့်ထ်ဘွန်းဒက်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကတ်ထရီအိုနာဂရေးနဲ့ပုံရိပ်တွေကို ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ယခုနှစ်မှာ ဖိလစ်ပိုင်အလှမယ်ဟာ မယ်စကြဝဠာအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် မယ်စကြဝဠာပြိုင်ပွဲကြီး သမိုင်းတစ်လျှောက် မယ်စကြဝဠာသရဖူရရှိခဲ့တဲ့ လေးယောက်မြောက် ဖိလစ်ပိုင်အလှမယ် ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်