ကင်ရှားဆား ၂၁ ဇန်နဝါရီ
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံပါတီခေါင်းဆောင် ဖိလက်စ် ရှီဆီကေဒီ အနိုင်ရရှိခဲ့သည့်အတွက် သူ့အား ကွန်ဂိုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ တရားရုံးချုပ်က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ကွန်ဂိုနိုင်ငံ၏အကြီးဆုံး အတိုက်အခံပါတီခေါင်းဆောင် ဖိလက်စ် ရှီဆီကေဒီ အနိုင်ရရှိခဲ့သည်ဟု အခြေခံဥပဒေဆိုင်ရာ တရားရုံးချုပ်က ကြေညာခဲ့သည်။ ထို့ကြောင့် ရွေးကောက်ခံသမ္မတလောင်း ဖိလက်စ် ရှီဆီကေဒီသည် ကွန်ဂိုနိုင်ငံ၏အာဏာသက်တမ်း အရှည်ဆုံး သမ္မတ ဂျိုးဇက် ကာဘီလာထံမှ သမ္မတ ရာထူးအာဏာကို လွှဲပြောင်းယူကာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ဇန်နဝါရီ ၁၀ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က အတိုက်အခံပါတီခေါင်းဆောင် ဖိလက်စ် ရှီဆီကေဒီ သည် ဆန္ဒမဲ ၃၈ ဒသမ ၅၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ဆန္ဒမဲ ၃၄ ဒသမ ၈ ရာခိုင်နှုန်းသာ ရရှိခဲ့သည့် မာတင် ဖာယုလုအား အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
အဆိုပါကြေညာချက်ထွက်ပေါ်ခဲ့ပြီးနောက် အတိုက်အခံပါတီခေါင်းဆောင် ဖိလက်စ် ရှီဆီကေဒီ အနိုင်ရရှိခဲ့ခြင်းအပေါ် မာတင် ဖာယုလုက ကျေနပ်မှုမရှိဘဲ ရွေးကောက်ပွဲရလဒ်ကို ပြန်လည်ဖျက်သိမ်းပေးပါရန် တရားရုံးချုပ်သို့ လျှောက်ထားခဲ့ပြီး နိုင်ငံတကာသို့လည်း အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
သို့သော် တရားရုံးချုပ်က ရွေးကောက်ပွဲ၏ ရလဒ်ထွက်ပေါ်မှုသည် လွန်စွာရိုးရှင်းပါကြောင်းနှင့် ရွေးကောက်ပွဲတွင် ရှီဆီကေဒီ အနိုင်ရရှိသည့်အတွက် ကွန်ဂိုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်မည်ဟု ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ရွေးကောက်ခံသမ္မတ ရှီဆီကေဒီသည် ဇန်နဝါရီ ၂၂ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း ကွန်ဂိုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
အေအက်ဖ်ပီ