နေပြည်တော် ၂၂ အောက်တိုဘာ
“စာတတ်သူတိုင်း စာဖတ်ရေး” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လူထု လှုံ့ဆော်မှုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ အသိပညာဖြန့်ဝေ ခြင်းနှင့် ဖျော်ဖြေခြင်းလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ အသိပညာဗဟုသုတရရှိနိုင်ရန်အတွက် အမြော်အမြင်ရှိသူများက “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆောင်ပုဒ်ဖြင့် စာပေဗိမာန်ကို တည်ထောင်ခဲ့ခြင်းဖြစ်ရာ မိမိတို့မှလည်း ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေဆိုင်ရာလှုပ်ရှားမှုများဖြစ်သည့် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ စာပေစကားဝိုင်းနှင့် စာအုပ်စာပေရောင်းချသည့် စာအုပ်လမ်းတို့အပြင် စာပေပွဲတော်များလည်း စီစဉ်ကျင်းပလျက်ရှိပါကြောင်း၊ ကလေးစာပေပွဲတော်ကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်း၍ ကျင်းပလျက်ရှိပါကြောင်း၊ ကလေးများကို စာအုပ်စာပေနှင့် ထိတွေ့စေပြီး စာဖတ် ဝါသနာ ပျိုးထောင်ပေးခြင်းဖြစ်ပါကြောင်း၊ ကလေးများ စာပေပွဲတော် လာရောက်ချိန်တွင် ပျော်ရွှင်စေရန်အတွက်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များ၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပစဉ် စာပေဖတ်ရှုမှုအပြင် တီထွင်ဖန်တီးမှု ကိုလည်း အားပေးဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း စာပေဝါသနာပါပြီး စာအုပ်စာပေ ချစ်မြတ်နိုးသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များတွင် စိတ်ကူးစိတ် သန်းကောင်းများဖြင့် ရွေ့လျားစာကြည့်တိုက်ကို ထည့်သွင်းပြီး စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းတို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးနှင့် စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနများတွင် ကွန်ပျူတာသင်ကြားမှုနှင့် ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
“စာဖတ်သူတိုင်း စာဖတ်ရေး” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အစီအစဉ်ကို နေပြည်တော်မှ အခြေပြု၍ နိုင်ငံတစ်ဝန်းတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အဓိကနေရာမှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပရာတွင် စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲများကျင်းပမှုများအပြင် စာအုပ်စာပေနှင့် ပတ်သက်သည့် ပြခန်းများစုံလင်စွာဖြင့် ခင်းကျင်းပြသနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ကလေးစာပေပွဲတော်နှင့် လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်များ ကျင်းပမှုတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စာတတ်သူတိုင်း စာဖတ်ရန်လိုအပ်ပြီး စာဖတ်သည့် ယဉ်ကျေးမှုဓလေ့ ထွန်းကားမှသာ နိုင်ငံနှင့်လူမျိုး အောင်မြင်တိုးတက်မည်ဖြစ် ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်း (၂၀)တွင် ရှေ့ပြေး စီမံချက်အနေဖြင့် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေ ပါကြောင်း၊ ယခုကျင်းပသည့် “စာတတ်သူတိုင်း စာဖတ်ရေး” အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်က “စာတတ်သူတိုင်း စာဖတ်ရေး” အခမ်းအနား ကျင်းပမည့် ရည်ရွယ်ချက်၊ ကျင်းပမည့်နေရာ၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများနှင့် ဆုပေးပွဲများ၊ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်မည့် အစီအစဉ်များ၊ ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်စောနန်းနွယ်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း အတွင်းရေးမှူး ဒေါက်တာခင်လေးစိုးနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဗဟို အမှုဆောင် အဖွဲ့ဝင် ဦးမောင်မောင်ဦး (စာရေးဆရာဟိန်းလတ်)တို့က စာတတ်သူတိုင်း စာဖတ်ရေးအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
“စာတတ်သူတိုင်း စာဖတ်ရေး” အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေးနှင့် “စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး တွင် ကျင်းပပြုလုပ်နိုင်စေရေးအတွက် နှိုးဆော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)တွင် ကျင်းပမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားနှင့်အတူ ဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုကောင်း မွန်သည့် စာကြည့်တိုက်များကို ဆုချီးမြှင့်မှုများ၊ စာပေဆိုင်ရာဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲများ၊ အသိပညာပေးပြခန်းများ၊ ရှေးဟောင်းပေစာများ၊ ရွှေပေလွှာနှင့် ပုရပိုက်များ၊ ကျောက်စာများ၊ ခေတ်နှင့်အညီ ပြောင်းလဲဆောင်ရွက်လာသည့် စာပေဆိုင်ရာများ၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်နှင့် အမျိုးသား မော်ကွန်းတိုက်များမှ ရှေးဟောင်းစာရွက်၊ စာတမ်းများ၊ စာအုပ်စာပေ ထိန်းသိမ်း ဆောင်ရွက်နေမှုများ စသည့် စာပေဆိုင်ရာပြခန်းများ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ရှန်တီစေတနာ့ဝန်ထမ်း ဖောင်ဒေးရှင်းတို့၏ နယ်လှည့်စာကြည့်တိုက်ပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်များ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)