မန္တလေး ၅ နိုဝင်ဘာ

 

တစ်နိုင်ငံလုံးရှိ ကျောင်းသားထု၊ ဆရာထုကို ကိုယ်စားပြုနိုင်မည့် ဂျာနယ်တစ်စောင်ကို အပတ်စဉ် ထုတ်ဝေနိုင်ရန် စီစဉ်နေသည်ဟု ဂျာနယ် ထုတ်ဝေရေး တာဝန်ခံ ကိုဇင်မင်းဖြိုးက ပြောသည်။

 

အဆိုပါဂျာနယ်တွင် အဖွဲ့အစည်းလိုက်သော်လည်းကောင်း၊ လူတစ်ဦးချင်းသော်လည်းကောင်း၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများသော်လည်းကောင်း ပါဝင်နိုင်ကြောင်း သိရသည်။  လက်ရှိအချိန်တွင် ဂျာနယ်ကို ပုံနှိပ်မီဒီယာ အဖြစ်သာ ရပ်တည်မည်ဖြစ်ပြီး ခေတ်ရေစီးကြောင်းအရ ဒစ်ဂျစ်တယ် မီဒီယာသို့ ပြောင်းလဲနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

'' ‘ကျောင်းသားခေတ်’ ဆိုတဲ့နာမည်က ကျောင်းသားထု၊ ဆရာထု တစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်လို့ ယူဆလို့ပါ။ ဂျာနယ်အမည်က ပြန်ပြင်လို့ရတယ်။ အတည်မဟုတ်သေးဘူး'' ဟု ဂျာနယ်ထုတ်ဝေရေး တာဝန်ခံ ကိုဇင်မင်းဖြိုးက ပြောသည်။

 

ပညာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် အရည်အသွေး မြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်ရန်၊ တစ်နိုင်လုံးရှိ ကျောင်းသားထုများ သတင်းအချက်အလက် အမှန်ကို  ပိုမိုလွယ်ကူလျင်မြန်စွာ ရရှိနိုင်ရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားထုနှင့် ဆရာထုတို့က တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးနိုင်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ဖြစ်တည်လာနိုင်ရေးနှင့် ကောင်းမွန်သော တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ပေါ်ထွက်လာနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန်၊ ကျောင်းသားထု ရသစာပေနှင့် သုတစာပေများ ပိုမိုဖတ်ရှုလာနိုင်ရေးနှင့် ကောင်းမွန်ပြီး လက်တွေ့ဆန်သော သုတေသနစာတမ်းများ ရေးသားနိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသားခေတ်ဂျာနယ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်