လားရှိုး ၂၁ ဇန်နဝါရီ
လားရှိုးမြို့၊ ရပ်ကွက်(၁) ရန်တိုင်းအောင်မြို့ဦးစေတီတော်၊ ဆင်းရွှေလီခန်းမ၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့်နည်းဥပဒေများ ချပြဆွေးနွေးရှင်းလင်းခြင်း ပြုလုပ်ကျင်းပကြောင်း သိရသည်။
ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်အောင်က ဥပဒေနှင့်နည်းဥပဒေများ ချပြရှင်းလင်း ဆွေးနွေးသည်။ အဓိကအားဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက ဥပဒေများနည်းဥပဒေများနှင့် ပတ်သက်၍ သေချာမှန်ကန်စွာ နားလည်သဘောပေါက် ကျင့်သုံးနိုင်ရေး၊ မှန်ကန်သေချာစွာ တတ်သိနားလည်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ လိုအပ်ချက်များကို ဥပဒေနည်းဥပဒေများအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ဥပဒေဆိုင်ရာအထောက်အကူပေးခြင်းများကို အများပြည်သူများအား ယုံကြည်နားလည်လက်ခံလာစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နိုင်စေရန်ဖြစ်သည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့်နည်းဥပဒေများ ချပြရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၅)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာများမှ တာဝန်ခံများ စုစုပေါင်းလူဦးရေ (၂၆၁)ဦး တက်ရောက်ခဲ့ကြသည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့်နည်းဥပဒေချပြရှင်းလင်းဆွေးနွေးမှုအား တောင်ကြီးခရိုင်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြို့နယ်များသို့ သွားရောက်ရှင်းလင်းဆွေးနွေးမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ တန့်ယန်း၊ မိုင်းရယ်၊ သီပေါမြို့များသို့လည်း သွားရောက်၍ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့်နည်းဥပဒေများချပြရှင်းလင်းဆွေးနွေးခြင်း ပြုမည်ဖြစ်သည်။
လားရှိုးမြို့နယ်၌လည်း ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ခရိုင်ဥပဒေအရာရှိ(ငြိမ်း)က ဥက္ကဋ္ဌ၊ တရာလွှတ်တော်ရှေ့နေကအတွင်းရေးမှူး၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာကော်မတီ၊ ပြည်နယ်ဥပဒေ အထောက်ကူပြုအဖွဲ့ဝင်တို့ဖြင့် ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)