ပုသိမ်  ၃  နိုဝင်ဘာ 

 

ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ပုသိမ်) ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃ ရက် နံနက် ၉ နာရီကစတင်၍ ဖွင့်လှစ်ခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြ၍ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

ကလေးစာပေပွဲတော်ကို ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နိုဝင်ဘာ ၃၊ ၄၊ ၅ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး   အဆိုပါကလေးစာပေပွဲတော်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကျပန်းစကား ပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ စက္ကူခေါက်ပြိုင်ပွဲများ၊ ကာတွန်းပြပွဲနှင့် ပုံတူပန်းချီရေးဆွဲခြင်းများ၊ ပန်းချီပြိုင်ပွဲများ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများ၊ အရုပ်ဆက် ကစားနည်းများ၊ စကားပုံဆက်ကစားနည်းများ၊ Game ကစားနည်းများ၊ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများ၊ ကလေးစာဖတ်ခန်းသရုပ်ပြအစီအစဉ် များနှင့် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ကဗျာရွတ်ဆို ပြိုင်ပွဲ၌ မူကြိုအဆင့်နှင့် မူလတန်း(အောက်)အဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ (၉၀) ဦး က Room (1) ၌ ပါဝင် ယှဉ်ပြိုင်နေကြသည်။ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို Room (2,3) တွင် ဧရာဝတီ တိုင်းဒေသကြီးရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် ပွဲတော်လာ ကလေးငယ်များက ပါဝင်ယှဉ်ပြိုင် နေကြသည်။

 

စာပေဟောပြောပွဲကို Dinning Room တွင် “ဘဝကို ထုဆစ်ခြင်း”ခေါင်းစဉ်ဖြင့် စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) က နံနက် (၁၁) နာရီမှ (၁၂) နာရီထိလည်းကောင်း၊ “စိတ်ကောင်းလေးပြင် ဉာဏ်နှင့်ယှဉ် လောကအလှဆင်”ခေါင်းစဉ်ဖြင့် စာရေးဆရာ ဇေယျာဘုန်းမြင့် (ဖျာပုံ) က မွန်းတည့်(၁၂) နာရီမှ မွန်းလွဲ (၁) နာရီထိ လည်းကောင်း အသီးသီး ဟောပြောသွားမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်နားထောင်နိုင်ကြောင်း သိရသည်။ 

 

Room (7) တွင် မွန်းလွဲ (၁) နာရီမှ (၃) နာရီထိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကျောင်းသား(၆)ဦးတို့က စာပေစကားဝိုင်းကို ဆွေးနွေးသွားမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်နားထောင် နိုင်ကြောင်းသိရသည်။

 

ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို Dinning Room တွင် မွန်းလွဲ (၂) နာရီမှ (၄) နာရီထိ “ပညာရှာသူ တို့ဝိုင်းကူ”ခေါင်း စဉ်ဖြင့် ဦးဟိန်းလတ်၊ ဟင်္သာတမြင့်ငွေ၊ ဦးကြည်မင်း၊ ဦးဇော်ကြီး (Idol) တို့က ဆွေးနွေးသွားမည် ဖြစ်ပြီး မည်သူမဆို တက်ရောက် နားထောင်နိုင်ကြောင်း သိရသည်။

 

ဂိမ်းကစား ပြိုင်ပွဲများကို နံနက် (၁၀) နာရီခွဲမှ ညနေ (၅) နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဘွဲ့နှင်း သဘင်ခန်းမရှေ့ ပြင်ပ (ဘယ်/ညာ) စင်္ကနြ်လမ်းများတွင် Team Building, Science Fair နှင့် အရုပ်ဆက် ကစားခြင်းကိုလည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမ ပထမထပ်တွင် စကားပုံဆက် ကစားခြင်းနှင့် အိမ်ဆောက်လုပ်နည်းကစားခြင်းကိုလည်းကောင်း၊ တက္ကသိုလ် ဘောလုံးကွင်းတွင် U 14 အမျိုးသား ဘောလုံးပြိုင်ပွဲကိုလည်းကောင်း၊ ဘောလုံးကွင်း အနီးတွင် ထုပ်ဆီးတိုး ပြိုင်ပွဲကို လည်းကောင်း အသီးသီး ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြပွဲများကို နံနက် ၁၀ နာရီခွဲမှ ညနေ (၅) နာရီအထိ ပြုလုပ် သွားမည်ဖြစ်ပြီး ဘွဲ့နှင်းသဘင် ခန်းမရှေ့ ယာဘက်ဘေးတွင် ပညာရေး ဌာနပြခန်းများကို လည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမ မြေညီထပ်တွင် ကလေးစာကြည့်တိုက် ခင်းကျင်းပြသခြင်းနှင့် မျက်နှာဆေးရောင်ခြယ်ခြင်းကို လည်းကောင်း၊ ဘွဲ့နှင်းသဘင် ခန်းမရှေ့ ဝဲဘက်ဘေးတွင် မျက်လှည့်ပြပွဲ၊ ရုပ်သေးပြပွဲ၊ ရိုးရာဆင်ကပွဲနှင့် ခြင်းအလှခတ်ပွဲများကို လည်းကောင်း၊ ဘွဲ့နှင်းသဘင် ခန်းမမြေညီထပ်တွင် နည်းပညာ မိတ်ဆက်ပြခန်းနှင့် စာအုပ်ပြခန်းကိုလည်းကောင်း၊ ဘွဲ့နှင်းသဘင်ခန်းမ မြေညီထပ်(ဝဲဘက်)တွင် ထင်ရှားကျော်ကြား ဧရာဝတီတိုင်းသား ပုဂ္ဂိုလ်များပြခန်းကို လည်းကောင်း အသီးသီး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ကလေးစာပေပွဲတော်(ပုသိမ်) ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲနေ့တွင် ပုသိမ်တက္ကသိုလ် ခန်းမကြီးအတွင်း၊ အပြင်၌လာရောက်လေ့လာသူ ကလေးများနှင့်မိဘများ၊ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေကြောင်းသိရသည်။

 

ချစ်သက်လယ် (ပြန်/ဆက်)