နေပြည်တော် ၂ နိုဝင်ဘာ 

 

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများ၏ ဘာသာရပ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၇ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနား၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အား ရေးဆွဲချမှတ်ခဲ့ပြီး အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့တွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ကျွမ်းကျင်နည်းပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းများ ရရှိနိုင်ရန် အရေးကြီးပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို သင်ရိုးညွှန်းတမ်း စံသတ်မှတ်ချက် အညွှန်းဘောင်နှင့်အညီ ရေးဆွဲရမည်ဖြစ်ပြီး ဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် ဒေသ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော သင်ရိုးညွှန်းတမ်းနှင့် သင်တန်းများကိုလည်း ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ထို့ပြင် နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှသာ သက်မွေးပညာရေးအောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လုပ်ငန်းခွင် လက်တွေ့ပြုလုပ်သည့် အစီအစဉ်များ၊ ကျောင်းနှင့်စက်မှုလုပ်ငန်းများတွင် ဆောင်ရွက်ပြုလုပ်နိုင်သည့် အစီအစဉ်များအား နှစ်ဦးနှစ်ဘက် ပူးပေါင်းပါဝင်ရေးဆွဲရန် လိုအပ်ပြီး အကဲဖြတ်စစ်ဆေးမှုများသည် သင်တန်းများနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး ကျောင်းအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များကို ညှိနှိုင်းဆွေးနွေးကြသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းဝေးခန်းမတွင် ကျင်းပသော အဆင့်မြင့်ပညာကဏ္ဍ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 

 

အစည်းအဝေးတွင် အောင်စာရင်းများအား နိုဝင်ဘာလအတွင်း ထုတ်ပြန်ပြီး ဒီဇင်ဘာ ၂၁ ရက် မတိုင်မီကျောင်းများ အပ်နှံခြင်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များတွင် ဌာနတွင်း၊ ကျောင်းတွင်း စည်းကမ်းများ ကောင်းမွန်အောင် လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် အင်္ဂလိပ်စာအိုင်စီတီစွမ်းရည် မြင့်မားအောင်းကြိုးစားနေကြရမည် ဖြစ်ပါကြောင်း၊ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် စာတမ်းဖတ်ပွဲများ ကျင်းပ၍ သုတေသနဂျာနယ်တွင် သုတေသနစာတမ်းများ ရေးသားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ပြင်ထိန်းလုပ်ငန်း စသည့် လုပ်ငန်းများကို သတ်မှတ်ထားသော ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ 

 

အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)