နေပြည်တော် ၂ နိုဝင်ဘာ
(၄)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်နှင့် ကိုရီးယားပညာရေး ဝန်ကြီးများ၏ အစည်းအဝေးကို အရည်အသွေးပြည့်ဝသော ပညာရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး လေ့ကျင့်ပျိုးထောင်မှုဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ တစ်သက်တာ သင်ယူမှုကိုမြှင့်တင်ရန် ဟူသော ဆောင်ပုဒ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်တွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဂျပန်နိုင်ငံပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဒုတိယဝန်ကြီး Mr.SatoshiAshidate က တွဲဖက်သဘာပတိ အဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်(၃)နိုင်ငံတို့သည် ကျောင်းသား ဖလှယ်ရေးဆိုင်ရာ ပညာအရည်အချင်း သတ်မှတ်ချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး ကျောင်းသားဖလှယ်မှု အစီအစဉ်ကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေးဆိုင်ရာ ဖလှယ်မှုများနှင့် အာဆီယံနိုင်ငံများမှ ကျောင်းသားများအတွက် ပညာသင်ဆု ချီးမြှင့်မှုများကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံဒေသတွင်း နေထိုင်သူများအတွက် ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောရေးအတွက် အဆင့်မြင့် ပညာကဏ္ဍ၊ e-learning နှင့် သက်မွေးမှုပညာဆိုင်ရာ ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် (၄)ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ မိတ်ဖက်နိုင်ငံများဖြစ်သော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပညာရေးဝန်ကြီးများ၏ အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
ထို့နောက် အာဆီယံအဖွဲ့ဝင်များက ဩစတေးလျနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အရည်အသွေး အာမခံမှုရှိစေရန်နှင့် အရှေ့အာရှနိုင်ငံများရှိ နည်းပညာသက်မွေးပညာရေးနှင့် လေ့ကျင့်ရေး အရည်အသွေး အာမခံမှု မူဘောင် အကူအညီပေးရေး ကိစ္စများကိုလည်းကောင်း၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ဒေသတွင်းနိုင်ငံများတွင် ကျောင်းသားများ လှည့်လည် ပညာသင်ကြားနိုင်ရေး ကိစ္စများကိုလည်းကောင်း၊ အရှေ့အာရှနိုင်ငံများရှိ ကျောင်းသားများအတွက် ပညာသင်ဆုများနှင့် ထောက်ပံ့မှုများ တိုးမြှင့်ပေးအပ်နေမှု အခြေအနေများကို လည်းကောင်း ကိုရီးယားသမ္မတနိုင်ငံက အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများ၏ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ကွန်ရက်တည်ထောင်နိုင်ရန် အကူအညီ ပေးနေမှုများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အရှေ့အာရှထိပ်သီး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (၂၀၁၈-၂၀၂၂) တွင် ပါရှိသော ဖနွမ်ပင် ကြေငြာချက်ကို ဆောင်ရွက်မည့် မနီလာ အစီအစဉ်ပါ နယ်ပယ် (၁၄)ခု ကို အောင်မြင်အောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
အရှေ့အာရှနိုင်ငံများတွင် ကျောင်းသားအချင်းချင်း၊ လူငယ်အချင်းချင်း ဖလှယ်မှုများကိုမြှင့်တင်ပြီး မနီလာ ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်မည့် ဦးစားပေး နယ်ပယ်အစီအစဉ်များကို ရှာဖွေဖော်ထုတ် မြှင့်တင်ကြရန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အရှေ့အာရှနိုင်ငံများက တက်ရောက်လာကြသော ပညာရေးဝန်ကြီးများနှင့် ကိုယ်စားတက်ရောက်လာကြသော အဆင့်မြင့်အရာရှိကြီးများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)