သံတွဲ ၂ နိုဝင်ဘာ
 
 
သံတွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူထုအခြေပြု ဗဟိုဌာန၊ရွှေ့လျားစာကြည့်တိုက်ကို အောက်တိုဘာ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယနေ့နိုဝင်ဘာ ၂ ရက်နေ့ နံနက်မှစတင်၍ လူထုအခြေပြု ဗဟိုဌာနက ဝန်ထမ်းများသည် အထက (ငပလီ) ကျောင်းနှင့် အထက(ခွဲ) မြို့မနှင့်အမှတ် (၁) အခြေခံပညာ ကျောင်းများသို့သွားရောက်၍ (Mobil Library) ကားဖြင့် ကျောင်းသား၊ ကျောင်းသူများ နှင့်ဆရာ၊ဆရာမများအား သုတ၊ရသ နှင့်ကလေးစာပေများကို ပထမအကြိမ်အဖြစ် ငှါးပေးရာ အားကြိုးမာန်တက် ငှါးရမ်းခဲ့ကြကြောင်း သိရသည်။
 
 
ထိုသို့ကလေးသူငယ်များ စာပေကို စနစ်တကျ လေ့လာဖတ်ရှုခြင်းအားဖြင့်  အသိပညာ၊ ဗဟုသုတများ ရရှိကာ  နိုင်ငံတော်အတွက် ကြီးမားလှတဲ့ စွမ်းအားအရင်းအမြစ်များဖြစ်ကာ မိမိတို့ရဲ့နိုင်ငံတော်၊ မိမိတို့ရဲ့ပြည်ထောင်စုကို ပခုံးပြောင်း တာဝန်ယူဆောင်ရွက်နိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာနိုင်ရေးတို့ကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
 
 
ညနေပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဖွင့်လှစ်ထားရှိသည့် ကွန်ပျူတာသင်တန်းခန်းမတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ နှစ်ဆယ်တို့ကို  ညနေ ၂ နာရီမှ ၃ နာရီထိ အခြေခံကွန်ပျူတာသင်တန်းကို စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ သင်တန်းခွဲတစ်ခုကို တစ်ပတ်လျှင် ကြာသပတေးနေ့နှင့်သောကြာ နှစ်ရက်နှုန်းဖြင့် နှစ်လခွဲကြာ အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြဆရာ ဦးလင်းထက်နိုင်က ပြောသည်။
 
 
ခရိုင်ပြန်/ဆက်