စစ်ကိုင်း ၁၂   နိုဝင်ဘာ 

 

စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၆)နှစ်ပြည့် အထိမ်းအမှတ်ဖြင့် သုတေသန စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။

 

စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၆)နှစ်ပြည့် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ မြန်မာပြည်အနှံ့ရှိ တက္ကသိုလ်များ၊ ကောလိပ်များမှ သုတေသန စာတမ်းရှင်များ တက်ရောက်ခဲ့ပြီး အဆိုပါစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

 ''ဒီသုတေသန စာတမ်းဖတ်ပွဲမှာ ကျွန်တော်တို့ တက္ကသိုလ်အပြင် ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေက သုတေသနစာတမ်းရှင်တွေကို ဖိတ်ကြားပြီးတော့ ဖတ်ကြားတဲ့ အခမ်းအနားလေးလည်း ဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာရှိပါတယ် အဲရည်ရွယ်ချက်လည်း ပြည့်မီအောင် ကျွန်တော်တို့ တက္ကသိုလ်က  အခြေခံပညာနဲ့ရော အဆင့်မြင့်ပညာရောပါ ဆက်စပ်နေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံပညာကို ရောက်သွားမယ့် ဆရာ၊ ဆရာမများလည်း သုတေသနဆိုတဲ့ သဘောတရားလေးတွေ သိသွားအောင် အခြေခံနဲ့ပတ်သက်တဲ့ သုတေသနတွေလည်း လုပ်နိုင်တဲ့ အခွင့်အရေးလေး ရအောင်၊ အလေ့အထလေးလည်း ဖြစ်သွားအောင်ဆိုပြီး ဒီသုတေသန စာတမ်းဖတ်ပွဲလေး ပြုလုပ်ခြင်း ဖြစ်ပါတယ်။" ဟု စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က ပြောပြသည်။

 

ထိုသုတေသန စာတမ်းဖတ်ပွဲကို ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ဗန်မော်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်း သမဝါယမတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ မြစ်ကြီးနားတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ် ဟားခါး ကောလိပ် စသည့် တက္ကသိုလ်များနှင့် ကောလိပ်များမှ သုတေသသန စာတမ်း (၉၀) ကျော်ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

''သုတေသန စာတမ်းအစောင်ရေ ၉၀ ကျော်ပါတယ်။ အဓိကက အပိုင်းနှစ်ပိုင်း ပါပါတယ်။ ဒဿနိက ဘာသာရပ်တွေ၊ သိပ္ပံဘာသာရပ်ဖြစ်တဲ့ သချာၤ၊ ဓာတု၊ ရူပ၊ ဇီဝပေါ့ စသဖြင့် ဘာသာရပ်တွေပါဝင်သလို တစ်ဖက်မှာလည်း ပညာရေးတက္ကသိုလ် ဖြစ်တာနဲ့အညီ ပညာရေးတက္ကသိုလ်မှာ ဘာသာရပ်ကြီး သုံးခုရှိပါတယ်။ ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ ပညာရေးသင်ပြနည်းဆိုပြီး အဲပညာရပ်တွေနဲ့ အခြေခံပညာဆရာ ဆရာမတွေကို မွေးထုတ်ပြီးရုံးရင် မကဘူး၊ ပညာရေးနဲ့ဆိုင်တဲ့ သုတေသနတွေ မွေးထုတ်ပေးတယ်ဆိုတာကို အားလုံသိရှိသွားအောင်  အဲလိုလေး နှစ်ခုခွဲပြီး ဖတ်ကြားခြင်း ဖြစ်ပါတယ်''ဟု စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က ပြောပြသည်။

 

စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၅)နှစ်ပြည့် အထိမ်းအနေဖြင့် ပထမအကြိမ် သုတေသနစာတမ်းဖတ်ပွဲကို  တက္ကသိုလ်အတွင်းရှိ ဆရာ၊ ဆရာမများနှင့်သာ  ပြုလုပ်ခဲ့ပြီး ယခုအခါ စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၆)နှစ်ပြည့်တွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲကို ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များမှ သုတေသန စာတမ်းရှင်များကို ဖိတ်ကြား၍  ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခိုင်ဇေယျ(ဝ၆၆ )