ရန်ကုန် ၁၀ နိုဝင်ဘာ 

 

မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် အသင်းဝင်များ၏ သားသမီးများအား သတ္တမအကြိမ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံစာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်ချိုချိုတင်(မစန္ဒာ)က ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်း အကြောင်း ရှင်းလင်းပြောကြားကာ ဂုဏ်ထူးသုံးဘာသာနှင့် အထက်ရရှိသူများကို အသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားများကို ပေးအပ်ချီးမြှင့်သည်။

 

 

ထို့နောက် အလှူရှင်များ၏ လှူဒါန်းငွေများကို အသင်းဥက္ကဋ္ဌ က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် ဆုရရှိသူများကိုယ်စား ငါးဘာသာဂုဏ်ထူးရှင် မဖူးပွင့်လတ်က ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအမှုဆောင် ကော်မတီဝင်များ၊ ဆုရကျောင်းသားကျောင်းသူများနှင့် မိဘများ၊ မြို့နယ်စာရေး ဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သတ္တမအကြိမ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် လေးဦး၊ သုံးဘာသာဂုဏ်ထူးရှင် သုံးဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားများ ချီးမြှင့်ခဲ့ပြီး နှစ်ဘာသာဂုဏ်ထူးရှင် လေးဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်နှစ်ဦးတို့အတွက် ဂုဏ်ပြုဆုငွေများကို မြို့နယ်စာရေးဆရာအသင်းမှ တစ်ဆင့် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)